Trend

အိမ်နီးချင်း ၃ နိုင်ငံက မွတ်ဆလင်တွေကို နိုင်ငံသားဖြစ်ခွင့် ကန့်သတ်လိုက်တဲ့ အိန္ဒိယနိုင်ငံ

Want create site? Find Free WordPress Themes and plugins.

အိမ်နီးချင်း ၃ နိုင်ငံက မွတ်ဆလင်တွေကို နိုင်ငံသားဖြစ်ခွင့် ကန့်သတ်လိုက်တဲ့ ဥပဒေကြောင့် အိန္ဒိယနိုင်ငံမှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေပါတယ်။

လူသေဆုံးတဲ့အထိ ဖြစ်လာတဲ့ ဆန္ဒပြပွဲတွေကြောင့် နယူးဒေလီမှာရှိတဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သံရုံး အပါအဝင် နိုင်ငံအသီးသီးက သံရုံးတွေကလည်း အိန္ဒိယနိုင်ငံကို လာရောက်လည်ပတ်ကြမယ့် နိုင်ငံသားတွေနဲ့ အိန္ဒိယနိုင်ငံကို ရောက်ရှိနေကြတဲ့ ခရီးသွား ဧည့်သည်တွေအတွက် ခရီးသွား အကြံပေးချက်တွေ ထုတ်ပြန်ပေးခဲ့ကြပါတယ်။

ဆန္ဒပြပွဲတွေ ပြင်းထန်နေတဲ့ အိန္ဒိယအရှေ့မြောက်ဘက်ပိုင်း ပြည်နယ်တွေကို သွားရောက်ကြမယ့် အမေရိကန်ခရီးသွားတွေအတွက်လည်း အမေရိကန်အစိုးရက သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာတော့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်တွေရဲ့ လမ်းမတွေမှာ နိုင်ငံသားဖြစ်ခွင့် ဥပဒေကို လူထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။

ကိုလ်ကတ္တားမှာလည်း ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ဆန္ဒပြသူတွေဟာ ကားလမ်းတွေ ပိတ်ခဲ့ကြသလို မီးရထားနဲ့ ဘူတာတွေကိုလည်း တိုက်ခိုက်ခဲ့ကြပြီး အချို့ဒေသတွေမှာတော့ ညမထွက်ရ အမိန့်တွေ ထုတ်ပြန်ထားပါတယ်။ အခုလို အချိန်အခါမျိုးမှာ အိန္ဒိယနိုင်ငံကို သွားရောက်လည် ပတ်ကြမယ့် ခရီးသွားတွေအတွက်တော့ ခက်ခဲတဲ့ အခြေအနေပါ။ ဒါကြောင့်လည်း အင်္ဂလန်၊ ကနေဒါ၊ အမေရိကန်စတဲ့ နိုင်ငံတွေက ခရီးသွားသတိပေး လမ်းညွှန်တွေ ထုတ်ပြန်ခဲ့ရပါတယ်။

အိန္ဒိယနိုင်ငံမှာ လက်ရှိ အာဏာရပါတီဖြစ်ပြီး ဟိန္ဒူအမျိုးသားရေးဝါဒ ကိုင်စွဲထားတဲ့ BJP ပါတီက အိမ်နီးချင်း ၃ နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေကနေ တရားမဝင်ရွှေ့ပြောင်း ဝင်ရောက်လာသူတွေထဲမှာ အစ္စလာမ်ဘာသာဝင် မဟုတ်သူတွေကို နိုင်ငံသားပေးမယ့် နိုင်ငံသားဖြစ်မှု ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ရေးဆွဲခဲ့ပါတယ်။ အဲဒီ ဥပဒေမူကြမ်းကို အောက် လွှတ်တော်က အတည်ပြုခဲ့ပြီး အထက်လွှတ်တော်မှာ ဆက်လက် ဆွေးနွေးနေကြပါတယ်။

ဒီဥပဒေမူကြမ်းဟာ အိန္ဒိယနိုင်ငံမှာ နေထိုင်ကြတဲ့ ၁၄ ရာခိုင်နှုန်းသော မွတ်ဆလင်တွေကို ခွဲခြား ဆက်ဆံရာရောက်တဲ့အတွက် အခုလိုဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။ BJP ပါတီကတော့ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေမှာ ဘာသာရေးအရ ဖိနှိပ်မှုတွေ ခံနေရတဲ့အတွက်ကြောင့် အိန္ဒိယနိုင်ငံကို ထွက်ပြေးလာတဲ့ ဟိန္ဒူ၊ ခရစ်ယာန်၊ ဂျိန်း၊ ဖာရစီ၊ ဗုဒ္ဓဘာသာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ရည်ရွယ်ပြီး အခုဥပဒေကြမ်းကို တင်သွင်းခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဝေဖန်ကန့်ကွက်သူတွေ အနေနဲ့ကလည်း နိုင်ငံသားဖြစ်မှု ပြင်ဆင်ချက် ဥပဒေမူကြမ်းဟာ အစ္စလာမ် ဘာသာဝင်တွေကို ချိုးနှိမ်ထားတဲ့ သဘောသက်ရောက်နေပြီး အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးမှာ ဘာသာရေး စိုးမိုးမှု မရှိရေးဝါဒကို ချိုးဖောက်နေတယ်လို့ ဝေဖန်နေကြပါတယ်။

ဒီဥပဒေကြမ်းသာ အတည်ဖြစ်သွားခဲ့မယ်ဆိုရင်တော့ အိန္ဒိယအရှေ့မြောက်ဘက်ပိုင်း ပြည်နယ်တွေကို အစ္စလာမ်ဘာသာဝင် မဟုတ်တဲ့ ရွှေ့ပြောင်းအခြေချသူတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာနိုင်တဲ့ အတွက် ဆန္ဒပြပွဲတွေက အရှေ့မြောက်ပြည်နယ်တွေမှာ ပိုပြီးပြင်းထန်နေပါတယ်။ ဒါကြောင့်လည်း သံရုံးအသီးသီးက သက်ဆိုင်ရာ နိုင်ငံသားတွေအတွက် ခရီးသွားလမ်းညွှန်ချက်တွေ ထုတ်ပြန်ပေးနေရတာပါ။

ဆန္ဒပြပွဲတွေ အရှိန်တိုးလာနေတဲ့အတွက်ကြောင့် အိန္ဒိယနိုင်ငံကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားကြတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တွေက ခရီးစဉ်ကို ဖျက်သိမ်းခဲ့ကြရပါတယ်။

နယူးဒေလီမှာရှိတဲ့ အစ္စလာမ် တက္ကသိုလ်တခုက ကျောင်းသား ရာပေါင်းများစွာကလည်း နိုင်ငံသား ဖြစ်မှုပြင်ဆင်ချက် ဥပဒေမူကြမ်းကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပြီး ရဲတပ်ဖွဲ့ကလည်း မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေနဲ့ ဆန္ဒပြပွဲတွေကို ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့ကြပါတယ်။

ပန်ဂျပ်၊ ကာရာလာ၊ မတ်ဒရာပရာဒေ့ရှ် နဲ့ စစ်တကောင်းပြည်နယ်က ဝန်ကြီးချုပ်တွေကတော့ ဒီဥပဒေကို အကောင်အထည်ဖော်မှာ မဟုတ်ဘူးလို့ ပြောဆိုထားကြပါတယ်။ ဆန္ဒပြပွဲတွေ ပြင်းထန်နေတဲ့ အာသံလို ပြည်နယ်မျိုးတွေမှာလည်း မိုဘိုင်းနဲ့ အင်တာနက်လိုင်းတွေကို ပိတ်ပင်ထားတဲ့အတွက် အဲဒီဒေသတွေကို ရောက်သွားတဲ့ နိုင်ငံတကာ ခရီးသွားတွေအတွက် စိုးရိမ်စရာ အခြေအနေ ရှိပါတယ်။

ဒါကြောင့်လည်း ဆန္ဒပြပွဲတွေ ပြင်းထန်နေတဲ့ အခုလိုအချိန်မျိုးမှာ အိန္ဒိယကို ခရီးထွက်ဖို့ စီစဉ်ထားသူတွေအနေနဲ့ ရှောင်ကြဉ်ရမယ့်အချိန်ပါ။ အထူးသဖြင့်ကတော့ အိန္ဒိယ အရှေ့မြောက်ဘက်ပိုင်းဒေသကိုသွားရောက် လည်ပတ်မယ့်သူတွေအတွက်ပါ။

ကနေဒါသံရုံးကတော့ မဏိပူရ်၊ အရူနာချယ်ပရာဒေ့ရှ်၊ အာသံ၊ မက်ဟလာယာ၊ နာဂလန့်နဲ့ မီဇိုရမ်ပြည်နယ်တွေကို သွာရောက် လည်ပတ်မယ့် ကနေဒါနိုင်ငံသားတွေအတွက် ခရီးသွား သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

Ref: Timesofindia, BBC

You may also like these stories:

အိန္ဒိယနိုင်ငံဟာ အမျိုးသမီး ခရီးသွားတွေအတွက် မလုံခြုံကြောင်း အမေရိကန်နဲ့ အင်္ဂလန် ထုတ်ပြန်

အအိပ်မက်သူတွေကို လစာပေးပြီး ငှားရမ်းနေတဲ့ အိန္ဒိယကုမ္ပဏီ

လပေါ် ဆင်းသက်မည့် ယာဉ်မှာ ပျက်စီးသွားပြီဖြစ်ကြောင်း အိန္ဒိယ ပြောကြား

Did you find apk for android? You can find new Free Android Games and apps.
Loading