အသက် ၁၆ နှစ်အရွယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ Greta Thunberg ရဲ့ အကြောင်းကို ရုပ်ရှင်ရိုက်ကူးဖို့ ရှိပြီး Hulu ရုပ်သံလိုင်းမှာ ၂၀၂၀ ကျရင် ပြသဖို့ ရှိတယ်လို့ သိရပါတယ်။
ဒါရိုက်တာ Nathan Grossman ရိုက်ကူးမယ့် အဲဒီ မှတ်တမ်းရုပ်ရှင်မှာ သူမရဲ့ လှုပ်ရှားမှုတွေကို အဓိကထည့်သွင်းရိုက်ကူးဖို့ ရှိနေတာ ဖြစ်ပါတယ်။ Greta ဟာ ၂၀၁၈ ခုနှစ်က စတင်ပြီး သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တက်ကြွလှုပ်ရှားခဲ့တဲ့ ဆွီဒင်နိုင်ငံသူ ဖြစ်ပါတယ်။
“လူကြီးတွေက သဘာဝပတ်ဝန်းကျင်ရဲ့ အနာဂတ်ကို ဂရုမစိုက်ရင် ကျမတို့ကရော ဘာကြောင့် ကျောင်းစာကို ဂရုစိုက်ရဦးမှာလဲ” ဆိုတဲ့ မေးခွန်းနဲ့ လူအများရဲ့ အာရုံစိုက်ခြင်းကို စတင်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ သူမရဲ့ မေးခွန်းကြောင့် လပိုင်းအတွင်းမှာပဲ ကမ္ဘာတဝှမ်းလုံးရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပြီး ကျော်ကြားလာခဲ့ပါတယ်။
Hulu က ရိုက်ကူးမယ့် မှတ်တမ်းရုပ်ရှင်မှာ ကင်မရာနောက်ကွယ်က သူမရဲ့ ဘဝအကြောင်းတွေ ပါဝင်သွားဖို့ ရှိနေတာပါ။ Greta ဟာ မကြာသေးခင်က People မဂ္ဂဇင်းရဲ့ “People Of The Year” အဖြစ် ရွေးချယ်ခံခဲ့ရပြီး သူမဟာ People Of The Year အဖြစ် ဖော်ပြခြင်းခံရတဲ့ အသက်အငယ်ဆုံးသူလည်း ဖြစ်ပါတယ်။
သူမဟာ မကြာသေးခင်ကလည်း ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပြီး၊ ရာသီဥတုဖောက်ပြန်ခြင်း၊ လူသားများရဲ့ ပတ်ဝန်းကျင်အပေါ် ဂရုစိုက်မှု စတဲ့ အကြောင်းအရာတွေနဲ့ သက်ဆိုင်တဲ့ မိန့်ခွန်းတွေကို ကုလသမဂ္ဂမှာ ပြောခဲ့ပါသေးတယ်။
Greta ဟာ အမေရိကန်နိုင်ငံရဲ့ လက်ရှိသမ္မတဖြစ်တဲ့ ဒေါ်နယ်ထရန့်ရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပြီး သဘောထား မတူညီတာကြောင့် စကားများမှုတွေလည်း ရှိခဲ့ပါတယ်။ သမ္မတဟောင်း ဘားရတ် အိုဘားမားရဲ့ ဇနီးဖြစ်သူ မီရှယ်အိုဘားမားရဲ့ ထောက်ခံအားပေးမှု စာတွေကို လက်ခံရရှိခဲ့ပြီး နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ အာနိုး၊ လီယိုနာဒိုဒီကာပရီယို စသူတွေရဲ့ ဝန်းရံမှုတွေကို ခံရသူလည်း ဖြစ်ပါတယ်။
သူမဟာ အသက်အငယ်ဆုံး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ ဖြစ်ခဲ့ပြီး ဂုဏ်ပြုဆုတွေ အပြင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက်လည်း ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ပါသေးတယ်။
Ref. Deadline
You may also like these stories:
Time မဂ္ဂဇင်းရဲ့ “Person of the Year” အဖြစ် ဆွီဒင်ကျောင်းသူ Greta Thunberg သတ်မှတ်ခံရ
Ice Bucket Challenge ကို တီထွင်ခဲ့တဲ့ အမျိုးသား အသက် ၃၄ နှစ်မှာ ကွယ်လွန်