Trend

ခရစ္စမတ်တိုင်းမှာ ကလေးတွေကို သစ်သားရုပ် လက်ဆောင်ပေးလေ့ရှိတဲ့ အဘိုးအို

အနောက်နိုင်ငံတွေမှာ ခရစ္စမတ်ဟာ အိမ်တိုင်းမှာ ကြီးကျယ်ခမ်းနာစွာ ပြုလုပ်လေ့ရှိတဲ့ ရိုးရာ ပွဲတပွဲ ဖြစ်ပါတယ်။ မိဘတွေဟာ ကလေးတွေကို တတ်နိုင်သလောက် လက်ဆောင်တွေ ဝယ်ပေးလေ့ ရှိပေမယ့် ငွေကြေး မတတ်နိုင်တဲ့ မိသားစုတွေက ကလေးတွေအတွက်တော့ ခရစ္စမတ်ဟာ သိမ်ငယ်စရာတွေ ဖြစ်နေမှာ အမှန်ပါ။

ဒီလို ကလေးတွေအတွက် သစ်သားလက်ဆောင်တွေကို ကိုယ်တိုင်လုပ်ပြီး ပေးလေ့ရှိသူကတော့ အမေရိကန် စစ်ပြန်ကြီး Jim Annis ပဲ ဖြစ်ပါတယ်။ အသက် ၈၀ ရှိပြီဖြစ်တဲ့ Jim Annis ဟာ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်ကတည်းက ငွေကြေးမတတ်နိုင်တဲ့ မိသားစုတွေက ကလေးတွေကို အရုပ်တွေ လက်ဆောင်လိုက်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။

“ကယ်တင်ခြင်းတပ်က ကျနော့်တို့နဲ့ အနီးအနားမှာ ခရစ္စမတ်ကာလအတွင်း အစားအသောက်တွေ အဝတ်အထည်တွေ ဝေမျှလေ့ရှိပေမယ့် ကျနော်ကတော့ ကလေးတွေအတွက် အရုပ်တွေပဲ ပေးဖြစ်ခဲ့ပါတယ်”လို့ Jim Annis က ပြောပါတယ်။

 

သူဟာ နှစ်တိုင်း သစ်သားနဲ့ ပြုလုပ်ထားတဲ့ အရုပ်ပေါင်း ၃၀၀ ခန့်ကို ဝေပေးလေ့ရှိပြီး ဒီလို အရုပ်ပြုလုပ်ဖို့ အတွက် အိမ်နားအနီးတဝိုက်မှာ အသုံးမလိုဘဲ ပစ်ထားတဲ့ သစ်တိုသစ်စတွေကို ရှာဖွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သစ်သားကို ရသလောက် ရှာဖွေပြီး အခြားလိုအပ်တဲ့ ပစ္စည်းတွေကိုတော့ သူ့ရဲ့ ပိုက်ဆံနဲ့ ဝယ်ယူတာ ဖြစ်ပါတယ်။

ငွေကြေး မတတ်နိုင်တဲ့ ကလေးငယ်တွေရဲ့ စိတ်ထဲမှာလည်း လုံခြုံမှုကို ခံစားရစေဖို့ အခုလို ပြုလုပ်တာဖြစ်ပြီး အဲဒီအတွက် တနှစ်ကို ဒေါ်လာ ၁၀၀၀ ခန့် ကုန်ကျတယ်လို့ သိရပါတယ်။

“ကျနော့်အဖေဆို အလုပ် အရမ်းလုပ်တယ်။ ဒါပေမယ့် ပိုက်ဆံများများ မရှာနိုင်ဘူး။ ကျနော်တို့က မောင်နှမ ၅ ယောက် ရှိတာဆိုတော့ ခရစ္စမတ်မှာ လက်ဆောင်ကောင်းကောင်း မရခဲ့ဖူးဘူး။ အဲဒီလို ဘဝမျိုးကို ကျနော် နားလည်တယ်”

“ကျနော် အခုကလေးတွေကို လက်ဆောင်တွေ လုပ်ပေးတယ်ဆိုတာ ခရစ္စမတ်လို နေ့မျိုးမှာတောင် ဘာမှ မရဘူးဆိုတဲ့ ခံစားချက်မျိုး မရစေချင်လို့ပါ။ ကလေးတိုင်းကို ပြုံးပျော်နေတာပဲ ကျနော်မြင်ချင်တယ်”လို့ Jim Annis က လက်ဆောင်တွေ လုပ်ပေးတာနဲ့ ပတ်သက်ပြီး ပြောပါတယ်။

Ref. Boredpanda

You may also like these stories:

ခရစ္စမတ်နဲ့ နှစ်ကူးကာလအတွင်း အကြမ်းဖက်မှုတွေ သတိထားဖို့ အီတလီနိုင်ငံ ထုတ်ပြန်

ခရစ်စမတ် နီးလာတာနဲ့အမျှ ဗက်သလင်ဟမ်မြို့မှာ တည်းခိုခန်းများ လူပြည့်နှက်နေ

၂၀၁၉ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အကောင်းဆုံးခရစ္စမတ် ရုပ်ရှင်များ

Loading