Trend

အမျိုးသားတွေထက် အမျိုးသမီးတွေက နိုင်ငံ့ခေါင်းဆောင်ကောင်းတွေ ဖြစ်တယ်လို့ အိုဘားမား ပြော

အမေရိကန်သမ္မတဟောင်း ဘားရက် အိုဘားမားက နိုင်ငံအသီးသီးကို အုပ်ချုပ်နေကြတဲ့ ခေါင်းဆောင်တွေဟာ အမျိုးသမီးတွေချည်း ဖြစ်ခဲ့မယ်ဆိုရင် လူနေမှုအဆင့်အတန်းနဲ့ အကျိုးရလဒ်တွေ ပိုမိုကောင်းမွန်လာနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

စင်ကာပူမှာ ပြုလုပ်ခဲ့တဲ့ ပုဂ္ဂလိက တွေ့ဆုံပွဲတခုမှာ အိုဘားမားက “အမျိုးသမီးတွေဟာ အလုံးစုံ ပြည့်စုံနေသူတွေ မဟုတ်ကြပေမယ့် အမျိုးသားတွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ ပိုပြီးသာလွန်နေတယ်ဆိုတာ ကျနော်တို့အနေနဲ့ ငြင်းမရပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

တဆက်တည်းမှာပဲ အိုဘားမားက ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ ပြဿနာ အများစုဟာ နေရာ ဖယ်မပေးချင်ဘဲ အာဏာကို ဆုပ်ကိုင်ထားချင်တဲ့ လူအိုကြီးတွေကြောင့် ဖြစ်ကြရသလို အများစုကတော့ အမျိုး သားတွေ ဖြစ်ကြပါတယ်။ ဒီလူတွေဟာ သတင်းအမှားတွေ ပျံ့နှံ့ဖို့အတွက် ဆိုရှယ်မီဒီယာတွေကို အသုံးချပြီး နိုင်ငံရေးလှည့်ကွက်တွေ လုပ်လေ့ရှိကြတယ်လို့ အိုဘားမားက ပြောခဲ့ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းကို အမျိုးသမီး ခေါင်းဆောင်တွေကသာ စီမံခန့်ခွဲခွင့် အပြည့်အဝ ရခဲ့မယ်ဆိုရင် အဲဒီနိုင်ငံတွေမှာ ၂ နှစ်အတွင်း လူနေမှုအဆင့်အတန်းနဲ့ အကျိုးရလဒ်တွေ သိသိသာသာ တိုးတက်ကောင်းမွန်လာမယ်လို့ သူ့အနေနဲ့ ယုံကြည်တဲ့အကြောင်း အိုဘားမားက ပြောကြားခဲ့ပါတယ်။

နိုင်ငံရေးခေါင်းဆောင်တွေ အနေနဲ့ အာဏာမှာ ယစ်မူးမနေဘဲ နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ အမြဲ နှလုံးသွင်းနေသင့်ကြောင်း အိုဘားမားက တိုက်တွန်းခဲ့ပါသေးတယ်။


ဘားရက် အိုဘားမားဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်တိုင်အောင် အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတယောက်ဖြစ်ပြီး ဇနီးသည် မစ်ရှဲလ်နဲ့အတူ ကမ္ဘာတဝန်းက လူငယ်ခေါင်းဆောင်တွေအတွက် ဖောင်ဒေးရှင်းတခု တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။

Ref. BBC

Loading