ခရစ္စမတ်နေ့ရက်ဟာ တကိုယ်တည်းနေထိုင်သူတွေ အတွက် အထီးကျန်စရာ နေ့ရက်တရက်ဖြစ်နေနိုင်ပါတယ်။ ဒီလို အထီးကျန်နေချိန်မှာ အနီးအနားက မီးလေးတွေ လင်းလာတယ်ဆိုရင် စိတ်ကို နွေးထွေးစေမှာ အမှန်ပါပဲ။ ဂျပန်နိုင်ငံ က Youtuber ဖြစ်တဲ့ မာရီနာဖူဂျီဝါရာဟာ ” Breakup Light ” လို့ အမည်ရတဲ့ စမတ်မီးသီးကို တီထွင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီမီးသီးရဲ့ လုပ်ဆောင်ချက်ကတော့ တစုံတယောက်က သူတို့ရဲ့တွစ်တာ လူမှုကွန်ရက်စာမျက်နှာမှာ ” I Broke Up ” ဆိုတဲ့ စာကို ရေးလိုက်တာနဲ့ မီးလင်းလာမှာ ဖြစ်ပါတယ်။ သူမရဲ့ တီထွင်မှုကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ရက်နေ့က တွစ်တာ မှာ မျှဝေခဲ့တာ ဖြစ်ပါတယ်။
မာရီနာက သူမဟာ ခရစ္စမတ်ကို မနှစ်သက်ကြောင်းနဲ့ ခရစ္စမတ်မှာ စုံတွဲတွေကို မြင်ရင်ကြည့်မရကြောင်း ပြောဆိုခဲ့ပြီး ဒီမီးသီးဟာ ကိုယ့်ကိုယ်ကို လက်ဆောင်ပေးဖို့ တီထွင်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
မီးသီးထဲမှာ တွစ်တာပေါ်မှာ တင်ထားတဲ့ စာတွေထဲက ” ငါလမ်းခွဲလိုက်ပြီ ” ဆိုတဲ့ စာကို ခြေရာခံတာဖြစ်ပြီး Philips Hue မီးသီးကို အသုံးပြုပြီး သူမစိတ်ကြိုက် စမတ်မီးသီးကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။
တစုံတယောက်က ” I Broke Up ” ဆိုတဲ့ စာသားကို ရေးသားနေသရွေ့ မီးသီးက မီးလင်းနေမှာ ဖြစ်ပါတယ်။ မာရီနာရဲ့ မိတ်ဆက်တဲ့ ဗီဒီယိုကို ကြည့်ရှုသူ ၅ သိန်းကျော်ရှိခဲ့ပြီး ကြည့်ရှုသူတွေက မာရီနာရဲ့ တီထွင်နိုင်စွမ်းကို ချီးကျူးခဲ့ကြပါတယ်။
သူမရဲ့ မီးသီးကို အသုံးပြုချင်သူတွေ အများကြီးရှိနေတယ်လို့လည်း သိရပါတယ်။ သူမဟာ အခုလို မီးသီးအပြင် နံချပ်ကူသာမိုမီတာနဲ့ မျက်နှာကိုပိုက်ဆံနဲ့ ရိုက်ပေးတဲ့ စက်တွေလည်း တီထွင်ခဲ့တယ်လို့ သိရပါတယ်။
Ref;asiaone.com
You may also like these stories:
၂၀၁၉ ခုနှစ်ရဲ့ နာမည်အကြီးဆုံး Youtuber များ
သရဲလို ဝတ်ဆင်ပြီး လူတွေကို စနောက်တဲ့ Youtuber ၇ ဦး ဖမ်းဆီးခံရ
တနှစ်ကို ကန်ဒေါ်လာ ၂၂ သန်းကျော် ဝင်ငွေရှိတဲ့ အသက် ၇ နှစ်အရွယ် ကောင်လေး