ယနေ့ခေတ်မှာ ကြုံတွေ့လာရတဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနဲ့အတူ ပျားအကောင်ရေ လျော့နည်းလာခြင်းဟာ လူသားတွေရဲ့ သဘာဝပတ်ဝန်းကျင်အပေါ် မှီခိုအားထားရမှုအတွက် စိုးရိမ်စရာ ဖြစ်လာနေပါတယ်။
Colorado State University က သုတေသနပညာရှင်တွေ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရ ဆေးခြောက်လျှော် (Hemp) စိုက်ပျိုးခြင်းဟာ တဖြည်းဖြည်း လျော့နည်းလာနေတဲ့ ပျားအကောင်အရေအတွက်ကို ထိန်းသိမ်းလာနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လေ့လာမှုတွေအရ ဆေးခြောက်လျှော်ပင်တွေကနေ ထုတ်လွှတ်တဲ့ များပြားလှတဲ့ ဝတ်မှုန်တွေဟာ ပျားတွေကို ဆွဲဆောင်နိုင်ပြီး ပျားတွေကို အဆွဲဆောင်နိုင်ဆုံး အပင်တွေထဲမှာ ဆေးခြောက်လျှော်ပင် (Hemp) ဟာ ထိပ်ဆုံးကနေ ရပ်တည်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပျားမျိုးစိတ်အများစုဟာ ဆေးခြောက်လျှော်ပင်ကနေ ထွက်ရှိလာတဲ့ Pollen (ဝတ်မှုန်) တွေကို နှစ်သက်ကြပြီး ဒါဟာ သဘာဝပတ်ဝန်းကျင်အတွက်ရော ဂေဟစနစ်အတွက်ပါ အကျိုးဖြစ်ထွန်းစေနိုင်တယ်လို့ လေ့လာတွေ့ရှိမှုကို ရေးသားထားတဲ့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။
ဆေးခြောက်လျှော်ပင် (Hemp) ဟာ ဆေးခြောက်ပင် (Cannabis) ကနေ ဆင်းသက်လာတဲ့ မျိုးနွယ်တမျိုးဖြစ်ပြီး ကမ္ဘာတဝှမ်းမှာတော့ စီးပွားရေးအရ အများအပြားစိုက်ပျိုးနေကြတာ ဖြစ်ပါတယ်။
ဆေးခြောက်လျှော်ပင်ရဲ့ အရိုး၊ အရွက်နဲ့ အစေ့တို့ဟာ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ ကုန်ကြမ်းအဖြစ် အသုံးဝင်လှတယ်လို့ ဟိုးအရင်တည်းက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေမှာ ဖော်ပြထားပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုလည်း နည်းပါးလှပါတယ်။
“Hemp နဲ့ ပတ်သက်ပြီး အရင်တုန်းက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေမှာတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းစေတယ်၊ အောက်ဆီဂျင်ထုတ်လွှတ်မှုက တခြားအပင်တွေထက်ပိုများတယ် ဆိုတာလောက်ပဲပေါ့”
“အခုနောက်ဆုံးပြုလုပ်တဲ့ လေ့လာမှုအရဆိုရင်တော့ တဖြည်းဖြည်း ရှားပါးလျော့နည်းလာတဲ့ ပျားကောင်ရေ ထိန်းသိမ်းမှုပိုင်းကိုပါ အထောက်အကူဖြစ်စေတယ်ဆိုတာကို တွေ့ရှိခဲ့တာကြောင့် စိုက်ပျိုးနေသူတွေအတွက်ရော ကမ္ဘာကြီးအတွက်ပါ ဝမ်းသာစရာ ကိစ္စတခုလို့ ပြောလို့ရပါတယ်”လို့ လေ့လာမှုမှာ ပါဝင်တဲ့ သုတေသီတဦးက ဆိုပါတယ်။
Ref. www.truththeory.com