ဖိလစ်ပိုင်နိုင်ငံမှာ အုန်းသီးအရက် အဆိပ်သင့်မှုကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးပြီး လူ ၁၂၀ ခန့်ကို ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။ သေဆုံးသူတွေမှာ အဆိပ်သင့်သူတွေလည်း ပါဝင်တယ်လို့ ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဆိပ်သင့်မှုဟာ မနီလာမြို့တောင်ဘက်မှာရှိတဲ့ လူဂွန်နာပြည်နယ်နဲ့ ကူဇွန်ပြည်နယ်တို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဆိပ်သင့်သူ အားလုံးဟာ ဖိလစ်ပိုင်နိုင်ငံမှာ ခရစ္စမတ်ပါတီ ကျင်းပနေတုန်း ရေပန်းစားတဲ့ အုန်းသီးအရက် Lambanog ကို သောက်ခဲ့ကြတာဖြစ်ပါတယ်။ Lambanog အရက်ဟာ ဖိလစ်ပိုင်နိုင်ငံအတွင်းမှာ အားလပ်ရက်တွေနဲ့ ပွဲကျင်းပမှုတွေမှာ သောက်သုံးမှု အများဆုံး အရက်ဖြစ်ပါတယ်။
လူဂွန်နာပြည်နယ်မှာ အဆိပ်သင့်မှုတွေဟာ ပြီးခဲ့တဲ့ ကြာသပေးနေနဲ့ တနင်္ဂနွေနေ့တို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးမှုတွေပါရှိခဲ့ကြောင်း မြို့တော်ဝန်က ပြောပါတယ်။
“ဝမ်းနည်းစရာကိစ္စပါပဲ။ အားလုံးက Lambanog အရက်ကို သောက်ခဲ့ကြတာပါ။ အချို့က ဒီအရက်ကို မွေးနေ့ပွဲနဲ့ ပါတီအတွက် ဝယ်ခဲ့တာဖြစ်ပြီး တခြားသူတွေကိုတော့ ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတွေက ပေးခဲ့တာဖြစ်ပါတယ်”လို့ ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အခုလို ဖြစ်ပွားခဲ့တာတွေနဲ့ ပတ်သက်ပြီး ဈေးကွက်ထဲမှာ ကျန်ရှိနေတဲ့ Lambanog အရက်တွေကို သိမ်းဆည်းပြီး ဓာတ်ခွဲစစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ အိမ်ချက်အရက်တွေဟာ အန္တရာယ်ရှိတာကြောင့် တားမြစ်ထားတဲ့ မက်သနော အသုံးပြုမှုတွေ များတာကြောင့် မသောက်ကြဖို့ အစားအစာနဲ့ ဆေးဝါးကွပ်ကွဲရေးဌာနက တားမြစ်ထားတာတွေ ရှိပါတယ်။
ပြီးခဲ့တဲ့ နှစ်ကလည်း အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာနနဲ့ ရဲဌာနတို့ ပူးပေါင်းပြီး Lambanog အရက်များကို တရားမဝင် ရောင်းချနေတဲ့ နေရာတွေကို ရှာဖွေဖမ်းဆီးပြီး ပစ္စည်းများ သိမ်းဆည်းမှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းကလည်း Lambanog အရက်သောက်သုံးမှုကြောင့် သေဆုံးသူ ၂၁ ဦးအထိ ရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
Ref: businessinsider