အမေရိကန်အစိုးရက ထုတ်ပေးထားတဲ့ ဖုန်းတွေမှာ ပေကျင်းအခြေစိုက် ကုမ္ပဏီတခုက ထုတ်တဲ့ TikTok Application ကို သွင်းထားပြီး ပြန်လည် ဖျက်ထားခြင်း မရှိသူတွေကို Navy Marine Corp အတွင်း အသုံးပြုတဲ့ အင်တာနက်သုံးစွဲခွင့်ကို ပိတ်ပစ်လိုက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဆိုက်ဘာလုံခြုံရေးနဲ့ အစိုးရချင်းဖြစ်တဲ့ ပြဿနာတွေကြောင့် အမေရိကန်ရေတပ်ဟာ အစိုးရထုတ် စမတ်ဖုန်းတွေမှာ TikTok အသုံးပြုခြင်းကို ပိတ်ပင်ထားတာလည်း ဖြစ်ပါတယ်။
ဗီဒီယိုဖိုင်အတိုလေးတွေ တင်လို့ရတာကြောင့် လူမှုကွန်ရက် အသုံးပြုသူတွေကြားရေပန်းစားနေတဲ့ TikTok Application ကို အသုံးပြုသူတွေ အနေနဲ့ တပ်တွင်း အင်တာနက်သုံးစွဲခွင့်ကို ပိတ်မှာ ဖြစ်ကြောင်း တပ်အတွင်း သတင်းထုတ်ပြန်လေ့ရှိတဲ့ Facebook ပေ့ချ်မှာ တင်ထားတာဖြစ်ပါတယ်။
ရေတပ်အနေနဲ့ TikTok ကြောင့် ဘာတွေ ဖြစ်နိုင်တယ်ဆိုတာကို အတိအကျ ထုတ်ပြန်ပေးဆိုခြင်း မရှိပေမယ့် ပင်တဂွန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Uriah Orland ကတော့ လက်ရှိကြုံနေရတဲ့ ခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့ ကြိုးပမ်းချက်တခုအနေနဲ့ အမိန့်ကို ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
TikTok ဟာ လက်ရှိအချိန်မှာ အမေရိကန် ဆယ်ကျော်သက် လူငယ်တွေကြား ရေပန်းအစားဆုံး Application တခုဖြစ်နေပေမယ့် အမေရိကန် ရေတပ်နဲ့ မရိန်းတပ်အတွင်းက တပ်သားများကို အသုံးပြုခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
ရေတပ်နဲ့ မရိန်းတပ်အတွင်းမှာ အခြား နာမည်ကြီး Application တွေကို အသုံးပြုခွင့်ပေးထားပေမယ့် တချို့ Apps တွေကို လုံခြုံရေးအရ တားမြစ်တာမျိုးတွေ ယခင်ကတည်းက ရှိတယ်လို့ သိရပါတယ်။
တရုတ်အခြေစိုက် ကုမ္ပဏီဖြစ်တဲ့ TikTok ဟာ အသုံးပြုသူတွေရဲ့ သတင်းအချက်အလက်တွေကို တရုတ်အစိုးရထံ ပို့ပေးနေတယ်လို့ စွပ်စွဲခံထားရပြီး TikTok ဘက်ကတော့ သူတို့ဟာ တရုတ်အစိုးရအတွက် အလုပ်လုပ်ပေးနေတာ မဟုတ်ကြောင့် ငြင်းဆန်ထားပါတယ်။
Ref; theguardian.com
You may also like these stories: