Trend

အာရပ်စော်ဘွားများပြည်ထောင်စုမှာ ကျင်းပမယ့် ခရစ္စမတ်ပွဲတော်များ

မကြာခင် ခရစ္စမတ်ပွဲတော်ကာလ ရောက်ရှိတော့မှာဖြစ်တဲ့အတွက် အာရပ်စော်ဘွားများ ပြည်ထောင်စု(UAE) မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာ ခရစ္စမတ်ပွဲတော်ကျင်းပဖို့ ကြိုတင် ပြင်ဆင်နေကြပါတယ်။ အာရပ်စော်ဘွားများပြည်ထောင်စု တလွှားမှာဆိုရင် ခရစ္စမတ်ပွဲတော် ဆင်နွှဲဖို့ ရောက်ရှိလာကြမယ့် ထောင်ပေါင်းများစွာသော လူတွေအတွက် အထူးအစီအစဉ်တွေကို ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေကြပါတယ်။

ဒူဘိုင်းမြို့မှာရှိတဲ့ စိန့်မေရီဘုရားရှိခိုးကျောင်းဟာ အာရပ်စော်ဘွားများပြည်ထောင်စု(UAE) မှာတော့ ရှေးကျပြီး ထင်ရှားတဲ့ ဘုရားရှိခိုးကျောင်း ဖြစ်ပါတယ်။ ခရစ္စမတ်ကာလမှာ ကျင်းပမယ့် ဝတ်ပြုဆုတောင်းပွဲဆိုင်ရာ ကိစ္စရပ်တွေမှာ ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ဂျိမ်းစ်က ခရစ္စမတ်အကြိုနဲ့ ခရစ္စမတ်ကာလအတွင်း ရောက်လာမယ့် ဧည့်သည်တွေကို ဝန်ဆောင်မှုပေးနိုင်ဖို့ လူ ၇,၅၀၀ ဦးကို တာဝန်ပေးထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

တဆက်တည်းမှာပဲ ဂျိမ်းစ်က ခရစ္စမတ်ည သန်းခေါင်ယံအချိန်မှာတော့ ကက်သလစ် ဘုရားရှိခိုး ကျောင်း၊ စိန့်မေရီမှာ ဝတ်ပြုဆုတောင်းသူ ၁ သောင်းဝန်းကျင် ရှိမယ်လို့ ခန့်မှန်းထားကြောင်း ပြောပါတယ်။

ခရစ္စမတ် အကြိုကာလဖြစ်တဲ့ ဒီဇင်ဘာ ၂၄ ရက်၊ ညနေ ၃ နာရီခွဲကနေ ၇ နာရီအထိ သက်ကြီးရွယ်အိုတွေနဲ့ နေထိုင်မကောင်းဖြစ်နေကြသူတွေကို ဝန်ဆောင်မှုပေးမယ့် အစီအစဉ် ရှိတယ်လို့ သိရပြီး ည ၁၁ နာရီ ၁၅ မိနစ်ကနေ ည ၁၂ အချိန်ထိ ဓမ္မတေးသီချင်းများ သီဆိုမယ်လို့လည်း သိရပါတယ်။

ခရစ္စမတ်အကြိုနဲ့ ခရစ္စမတ်နေ့ကို အဆင်ပြေပြေ ကျင်းပနိုင်ဖို့အတွက် ဒူဘိုင်းမြို့မှာရှိတဲ့ ရပ်ရွာအေး ချမ်းသာယာရေးအဖွဲ့၊ ကျန်းမာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ လမ်းပန်းဆက်သွယ်ရေး အာဏာပိုင်အဖွဲ့ စတာတွေနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်နေတဲ့အကြောင်း ဂျိမ်းစ်က ပြောပါတယ်။

ဘာသာတရားတခုနဲ့ တခု အပြန်အလှန် လေးစားကြတဲ့ ဓလေ့ကို လူယဉ်ကျေးတွေ နေထိုင်တဲ့ အရပ် တွေမှာ တွေ့ရလေ့ ရှိပါတယ်။ ဘာသာ မတူတဲ့ လူအချင်းချင်း ချစ်ခင်စွာ ဆက်ဆံနေထိုင်နိုင်ခြင်းက နိုင်ငံပုံရိပ်ကို ပိုမိုကောင်းမွန်စေပါတယ်။

ခရစ္စမတ်အချိန် ရောက်လာရင် ခရစ္စမတ်ပွဲတော်ကို UAE မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။ UAE မှာရှိတဲ့ ခရစ်ယာန်ဘာသာဝင်တွေ အနေနဲ့လည်း ချစ်ခြင်းမေတ္တာကို ပေးဝေဖို့နဲ့ ချစ်ခြင်းမေတ္တာကို ခံယူဖို့ အသင့်ရှိနေပြီဖြစ်ကြောင်း Mar Thomas ဘုရားရှိခိုးကျောင်းမှ Rev Siju C.Philip က ပြောပါတယ်။

Ref: gulfnews

You may also like these stories:

ခရစ္စမတ်ပွဲတော် ကျင်းပခွင့် ပိတ်ပင်ခဲ့ကြဖူးတဲ့ နိုင်ငံများ

ဥရောပတလွှား လူကြိုက်များတဲ့ ခရစ္စမတ် ဈေးပွဲတော်များ

ခရစ်စမတ် နီးလာတာနဲ့အမျှ ဗက်သလင်ဟမ်မြို့မှာ တည်းခိုခန်းများ လူပြည့်နှက်နေ

ခရစ္စမတ်တိုင်းမှာ ကလေးတွေကို သစ်သားရုပ် လက်ဆောင်ပေးလေ့ရှိတဲ့ အဘိုးအို

Loading