လူတော်တော်များများဟာ အရုပ်တွေကို ဝယ်ယူဆော့ကစားပြီး တခုခု ချို့ယွင်းလာတဲ့ အခါတွေမှာ အခြားသူကို ပေးပစ်တာ ဒါမှမဟုတ် လွှင့်ပစ်လိုက်တာမျိုးတွေကို ပြုလုပ်တတ်ကြပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ အရုပ်တွေဟာ အရောင်မှိန်တာ၊ ဆော့ဖန်များလို့ ခြေလက်ပြုတ်တာ စတာတွေလည်း ဖြစ်တတ်ပါသေးတယ်။
ဂျပန်နိုင်ငံမှာတော့ ဒီလို ဖြစ်နေတဲ့ အရုပ်တွေကို ကုသပေးတဲ့ ဆေးရုံတရုံရှိတယ်လို့ သိရပါတယ်။ ဆေးရုံရဲ့ နာမည်ကတော့ Fumofu Land & Nuigurumi Health Corporation Mofumofukai Plush လို့ ခေါ်ပြီး ဆေးရုံဟာ အရောင်ကျွတ်ပြီး ပုံပျက်နေတဲ့ အရုပ်တွေက မူလကအတိုင်း ပြန်ကောင်းအောင် ပြုလုပ်ပေးတာ ဖြစ်ပါတယ်။
အဲဒီဆေးရုံဟာ အရုပ်လေးတွေကို ဖြစ်သလို ပြင်ဆင်ပေးလိုက်တာမျိုး မဟုတ်ဘဲ မူလအတိုင်းကောင်းပြီး ချစ်စရာ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပေးတာဖြစ်တယ်လို့ သိရပါတယ်။
အရုပ်ဆေးရုံအကြောင်းဟာ ဆေးရုံရဲ့ တွစ်တာလူမှုကွန်ရက်မှာ တင်ပြီးနောက် ရေပန်းစားလာလည်း ဖြစ်ပါတယ်။ ဆေးရုံရဲ့တရားဝင် လူမှုကွန်ရက် စာမျက်နှာမှာ ဆေးရုံကို ရောက်ခါစ အရုပ်တွေရဲ့ပုံနဲ့ ဆေးရုံဆင်းချိန်မှာ ပြောင်းလဲသွားတဲ့ အရုပ်တွေရဲ့ ပုံကို ယှဉ်ပြီး ပြသထားပါတယ်။
“အရုပ်တွေဟာ ကျနော်တို့တွေရဲ့ မိသားစုဝင်တွေပါပဲ။ ကျနော်တို့ ငယ်ငယ်က လက်က မချတမ်း စွဲလမ်းခဲ့တဲ့ အရုပ်တွေ ကို ပစ်ထားလိုက်ကြတာကို ကျနော် စိတ်မကောင်းဘူး။ ကိုယ့်ရဲ့ မိသားစုဝင်တယောက် တခုခုဖြစ်ရင် ဒီအတိုင်း မနေသင့် သလိုပေါ့။ အရုပ်လေးတွေလည်း ဟောင်းနွမ်းပျက်စီးသွားရင် ပြန်ပြင်သင့်ပါတယ်”လို့ ဆေးရုံတည်ထောင်သူက ပြောပါတယ်။
ဆေးရုံဟာ လူတွေအတွက် ပြုလုပ်ထားတဲ့ ဆေးရုံတွေလိုပဲ စမ်းသပ်ခန်းတွေရှိပြီး အဲဒီစမ်းသပ်ခန်းတွေမှာ ဆေးရုံလာတက်တဲ့ အရုပ်တွေကို ဘယ်လို ပြုပြင်ရမလဲဆိုတာတွေကို သုသေသနတွေ ပြုလုပ်လေ့ရှိပါတယ်။
ဆေးရုံလာပို့ခံရတဲ့ အရုပ်ကလေးတွေ အနေနဲ့ တရုပ်ထဲဖြစ်ပြီး အထီးကျန်နေမယ်ဆိုရင်လည်း အခြားအဖော်အရုပ်လေးတွေကို လူနာဖြစ်နေတဲ့ အရုပ်နားမှာ ထားပေးလေ့ရှိတယ်လို့ သိရပါတယ်။
Ref. boredpanda.com