အမေရိကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတဦးရဲ့ အသက် ၄ နှစ်နဲ့ ၆ နှစ်အရွယ် ကလေး ၂ ယောက်ဟာ Alexa ကို အသုံးပြုပြီး အရုပ်တွေ အများကြီးဝယ်ခဲ့တယ်လို့ သိရပါတယ်။ Alexa ဟာ အနောက်နိုင်ငံအများစုမှာ အသုံးပြုနေတဲ့ Virtual Assistant ဖြစ်ပြီး နှုတ်နဲ့ ခိုင်းသမျှကို လုပ်ပေးတဲ့ ဆောင်းဘောက်စ်ပုံစံအရာ ဖြစ်ပါတယ်။
Aryssa နဲ့ Cam လို့ အမည်ရတဲ့ အဲဒီကလေး၂ ယောက်ဟာ Alexa ကတဆင့် အရုပ်များကို အွန်လိုင်းရှော့ပင်း လုပ်ခဲ့တာဖြစ်ပြီး မိခင်ရဲ့ အကြွေးဝယ်ကတ်တဆင့် ပိုက်ဆံရှင်းခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ သူတို့၂ ယောက်ဟာ အရုပ်ဝယ်ဖို့ အမေရိကန်ဒေါ်လာ ၇၀၀ (မြန်မာကျပ်ငွေ ၁၀ သိန်းခန့်) ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။
အရုပ်တွေ အိမ်ကို ရောက်လာချိန်မှာ မိခင်ဖြစ်သူက သူမရဲ့ အမျိုးတွေက ခရစ္စမတ်အတွက် လက်ဆောင်ပို့ပေးတယ် ထင်ပြီး ပျော်ရွှင်ခဲ့ပါသေးတယ်။ နောက်ဆုံးမှာတော့ သူမရဲ့ အကြွေးဝယ်ကတ်ကို သုံးပြီး ဈေးဝယ်ခဲ့တယ်ဆိုတာကို သိပြီးနောက် ကလေးတွေကို ဆူထားတဲ့ ဗီဒီယိုကို သူမရဲ့ Facebok လူမှုကွန်ရက် အကောင့်မှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။
ဗီဒီယိုထဲမှာ မိခင်ဖြစ်သူက “နင်တို့တွေ ပိုက်ဆံဘယ်လောက် ဖြုန်းလိုက်တယ်ဆိုတာ သိရဲ့လား။ ဒီလောက် အများကြီးဝယ်တာတောင် အမေအတွက် ဘာမှ မပါဘူးပေါ့”ဆိုပြီး ဆူရင်းနဲ့ စနောက်ထားပါတယ်။
ကလေးတယောက်က စပြီး ငိုချိန်မှာတော့ “အေး။ နင်တို့ကိုတော့ ပိုက်ဆံ အလွဲသုံးစားမှုနဲ့ ထောင်ထဲပို့မှ ရတော့မယ်။ ဒီအကြောင်းတွေ နင်တို့အဖေကိုလည်း တိုင်ပြောရမယ်”ဆိုပြီး စနောက်ထားပါတယ်။
အဲဒီ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံနှံ့သွားပြီး ကြည့်ရှုသူ ၅ သိန်းကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ လူမှုကွန်ရက် အသုံးပြုသူတွေကတော့ မိခင်ဖြစ်သူကို” ခရစ္စမတ်မှာ ကံဆိုးသူဖြစ်သွားခဲ့ပြီ။ ကလေးတွေကတော့ အရမ်းကို လည်ပြီး ချစ်ဖို့ကောင်းပါတယ်”စတဲ့မှတ်ချက်တွေ ပေးပြီး မျှဝေခဲ့ကြပါတယ်။
Ref. insider.com
You may also like these stories:
ကယ်လီဖိုးနီးယားလေဆိပ်မှာ လေယာဉ်ခိုးယူမောင်းနှင်တဲ့ ဆယ်ကျော်သက်မိန်းကလေးကို ဖမ်းဆီး
Greta Thunberg အကြောင်း မှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့ Hulu ရုပ်သံလိုင်း စီစဉ်နေ
ကမ်ပိန်း ရန်ပုံငွေတွေကို ဂိမ်းပစ္စည်းတွေ ဝယ်သုံးခဲ့တဲ့ အမေရိကန် လွှတ်တော်အမတ်