လူတွေကို အမှိုက် မကောက်ကောက်ချင်အောင် ဆွဲဆောင်တဲ့ နည်းလမ်းတွေ များစွာထဲကမှ အခုတခါမှာတော့ ဂျမေကာနိုင်ငံမှာ ရှိတဲ့ Jamaican Hostel ဟာ ကမ်းခြေတလျှောက်က အမှိုက်တွေကို ခြင်းတခြင်းအပြည့် ကောက်ပေးရုံနဲ့ အရည်အသွေးကောင်းတဲ့ ဆေးခြောက်တလိပ်ကို အလကားတိုက်မှာ ဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ် ဂျာမနီနိုင်ငံသားတဦး ပိုင်ဆိုင်တဲ့ ဒီ Hostel ရဲ့ ကြေညာချက်ကြောင့် ကမ်းခြေမှာ အမှိုက်ကောက်သူတွေ တနေ့ထက်တနေ့ များပြားလာနေသလို Hostel မှာဆိုလည်း အခန်းလွတ် မရှိအောင် များပြားစည်ကားနေတာပါ။
အမှိုက်ကောက် Challenge တွေ၊ ကမ်ပိန်းတွေ အမျိုးမျိုး ပေါ်ထွက်လာပြီး လူတွေကို စည်းရုံးနေပေမယ့် ဒီနည်းလမ်းကတော့ အတော်လေး ထိရောက်မှုရှိတယ်လို့တောင် ပြောလို့ရပါတယ်။
Hostel ပိုင်ရှင်တယောက်အနေနဲ့ ကမ်းခြေတဝိုက်က အမှိုက်တွေ၊ Hostel ရှေ့မှာစုပြုံနေတဲ့ အမှိုက်တွေကြောင့် စိတ်မသက်မသာ ဖြစ်ခဲ့ရပေမယ့် သိပ်မကြာသေးခင်ကမှ Twiter လူမှုကွန်ရက်မှာရှိတဲ့ Jamaican Hostel အကောင့်မှာ ဒီကြေညာချက် တင်လိုက်ပြီးတဲ့ နောက်မှာတော့ လူအများက စိတ်ဝင်တစားနဲ့ ပါဝင်လာခဲ့ကြတာပါ။
Hostel ကို လာရောက် တည်းခိုကြတဲ့ ခရီးသွားဧည့်သည်တွေအပြင် အနီးတဝိုက်မှာ နေထိုင်ကြတဲ့ ဒေသခံတွေကပါ ဒီကြေညာချက်ကို ကြားသိရပြီးနောက်ပိုင်းမှာ Hostel ရှေ့နဲ့ ကမ်းခြေတဝိုက်မှာ အများအပြား အမှိုက်လာကောက်ကြပြီး နောက်ထပ် တည်းခိုချင်တဲ့ ခရီးသွားတွေနဲ့ပါ အခန်းတွေဟာ နေရာလွတ် မရှိအောင်ကို ပြည့်နှက်လာခဲ့ပါတယ်။
အမှိုက်ကောက်ဖို့ ဆွဲဆောင်နိုင်ဖို့အတွက် Hostel ပိုင်ရှင် Erbach ဟာ အရည်အသွေးကောင်းတဲ့ ဆေးခြောက် ၅၆ ဂရမ်ကို စတင်မှာယူခဲ့ပြီး ဆေးခြောက်လိပ်တွေ ပြုလုပ်ကာ အမှိုက်တခြင်းစာ ကောက်နိုင်သူတွေကို ဆေးခြောက် တလိပ်စီ ပေးခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့အခုလို အကြံဉာဏ်ကြောင့် ကမ်းခြေ တဝိုက်မှာဆိုရင် အမှိုက်တွေ အတော်အတန် ရှင်းလင်းနေပြီ ဖြစ်သလို စီးပွားရေးအနေနဲ့ ကြည့်မယ်ဆိုရင်လည်း Hostel မှာ တည်းခိုသူတွေ ပိုမို များပြားလာခဲ့ပါတယ်။
Ref. truththeory.com