Linkin Park ရဲ့ ခေါင်းဆောင် အဆိုတော်ဖြစ်ခဲ့ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော် ချက်စတာရဲ့ ဇနီးဖြစ်သူ တယ်လ်လင်ဒါဟာ ချက်စတာရဲ့ ဇနီးဟောင်းဖြစ်တဲ့ ဆမန်သာအား Linkin Park အဖွဲ့ရဲ့ မူပိုင်ခွင့်တွေက ရရှိမယ့်ခံစားခွင့် ၅၀ ရာခိုင်နှုန်းကို ခွဲဝေပေးမယ်လို့ သိရပါတယ်။
သတင်းတွေအရ ခွဲဝေပေးမယ့် စာရင်းထဲမှာ ရှယ်ယာငွေ၊ ထုတ်ဝေခွင့်နဲ့ မူပိုင်ခွင့်က ရရှိမယ့် ငွေကြေးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ချက်စတာဟာ ဆမန်သာနဲ့ ၁၉၉၆ ခုနှစ်က လက်ထပ်ခဲ့တာဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ ကွာရှင်းပြီးနောက်မှာတော့ တယ်လ်လင်ဒါနဲ့ လက်ထပ်ခဲ့ပြီး သေဆုံးချိန်ထိ တယ်လ်လင်ဒါနဲ့ ပေါင်းသင်း နေထိုင်ခဲ့တာ ဖြစ်ပါတယ်။
ချက်စတာ သေဆုံးချိန်မှာ Jamie, Isaiah, Draven, Lila, Tyler Lee နဲ့ Lily ဆိုတဲ့ ကလေး ၆ ယောက် ကျန်ရစ်ခဲ့ပါတယ်။ ချက်စတာဟာ ကိုယ့်ကိုယ်ကို အဆုံးမစီရင်ခင်မှာ သေတမ်းစာကို ရေးသားခဲ့ပြီး ကျန်ခဲ့မယ့် ကလေးတွေအတွက်လည်း ငွေကြေးစုဆောင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ကျနော် မရှိတော့တဲ့ နောက်မှာ ကျန်ခဲ့မယ့် ကလေးတွေရဲ့ မိခင်တွေ ဒါမှမဟုတ် အုပ်ထိန်းမယ့်သူတွေကို မှာချင်တာတွေ ရှိပါတယ်။ ကလေးတွေကို ကျနော် ရှိတုန်းကလိုပဲ တယောက်နား တယောက် လည်ပတ်ခွင့်တွေ ပေးပါ။ မိသားစု တစုလုံး ကျနော်ရှိတုန်းက အတိုင်း ပုံမှန်ဆက်ဆံရေးတွေနဲ့ပဲ နေထိုင်ကြပါ။ ကလေးတွေကို သူတို့ဆီမှာ ကြီးမားပြီး ချစ်စရာကောင်းတဲ့ အသိုင်းအဝိုင်းကြီး ရှိနေတယ်ဆိုတဲ့ အသိကို ရစေချင်တယ်”လို့ သေတမ်းစာထဲမှာ ရေးသားခဲ့ပါတယ်။
ချက်စတာဟာ သူ မသေခင်မှာ ဇနီးဖြစ်သူနဲ့ အတူ စိတ်ကျန်းမာရေး ပြဿနာ ဖြစ်နေတဲ့လူတွေနဲ့ မိသားစုဝင်တွေကို ကူညီပေးရေး ကမ်းပိန်းတွေမှာ ပါဝင်ခဲ့သေးတယ်လို့ သိရပါတယ်။ Linkin Park အဖွဲ့ရဲ့ အဆိုတော်ဖြစ်တဲ့ ချက်စတာဟာ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က ကြိုးဆွဲချပြီး ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ်။
Ref. unilad.co.uk
You may also like theses stories:
အဖွဲ့ဝင် ချက်စတာအတွက် အောက်မေ့ဖွယ်ဂီတပွဲကျင်းပမည်ဟု Linkin Park အဖွဲ့ ကြေညာ