ဖိလစ်ပိုင်နိုင်ငံမှာ ခရစ္စမတ်ကာလအတွင်း တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူ ၂၀ ဦးကျော်အထိရှိပြီး ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ အစိုးရ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။
အခုအချိန်မှာတော့ တာဝန်ရှိသူတွေက လျှပ်စစ်မီး ပြန်လည်ရရှိရေးနဲ့ မုန်တိုင်းဒဏ်သင့် နေရာတွေက နေအိမ်ပျက်စီးမှုတွေကို ပြုပြင်ဖို့ ကြိုးပမ်းနေကြပါတယ်။ တိုင်ဖွန်းမုန်တိုင်းဟာ တနာရီ မိုင် ၁၂၀ နှုန်းနဲ့ တိုက်ခတ်ခဲ့တာဖြစ်ပြီး နေအိမ်အမိုးများ ပျက်စီးခြင်းနဲ့ သစ်ပင်များ လဲကျခြင်းတွေ ဖြစ်ခဲ့ပါတယ်။
အာရှတိုက်အတွင်းက ကတ်သလစ် ခရစ်ယာန်ဘာသာဝင် အများဆုံးနိုင်ငံတနိုင်ငံ ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ခရစ္စမတ်ကာလအတွင်း မုန်တိုင်း တိုက်ခတ်မှုကြောင့် ပွဲတော်ကျင်းပရာမှာ အနှောင့်အယှက်တွေ ဖြစ်ခဲ့ရပြီး လူထောင်နဲ့ချီ နေအိမ်များမှ ရွှေ့ပြောင်းခြင်းတွေ ပြုလုပ်ခဲ့ရပါတယ်။
တိုင်ဖွန်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အထင်ကရ ကျွန်းများဖြစ်တဲ့ Boracay နဲ့ Coron ကျွန်းတို့မှာ တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ သဲဖြူကမ်းခြေတွေ ရှိတာကြောင့် ကမ္ဘာလှည့်ခရီးသည် လာရောက်မှု များပြားတဲ့ ကျွန်းတွေလည်း ဖြစ်ပါတယ်။ မုန်တိုင်းကြောင့် ကျွန်းကို သွားရောက်ဖို့ လေကြောင်းခရီးစဉ် ဝန်ဆောင်မှုပေးနေတဲ့ လေဆိပ်လည်း ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“လေဆိပ်ဝန်းကျင်မှာ ပျက်စီးမှုတွေ အများကြီးပဲ။ လေဆိပ်ထဲမှာ ရှိနေတဲ့ လူတွေကလည်း အရမ်းကို စိတ်ပျက်နေကြပြီ။ မီးတွေ ပြတ်တော့ စိတ်လည်း ပျက်ရတယ်။ မြို့ကြီးက မြို့ပျက်လိုဖြစ်သွားတယ်။ တယောက်နဲ့ တယောက်တောင် ကောင်းကောင်းမမြင်ရဘူးလေ”လို့ လေဆိပ်အတွင်း ပိတ်မိနေတဲ့ နိုင်ငံခြားခရီးသွားတဦးက သတင်းဌာနတွေကို ပြောပါတယ်။
မုန်တိုင်းကြောင့် ပြည်တွင်းလေကြောင်း ခရီးစဉ် ၁၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရတယ်လို့ AFP သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ပြည်နယ်နဲ့ ခရိုင်တော်တော်များများမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပြီး ပွဲတော်ကျင်းပဖို့ အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၁၃ ခုနှစ်ကလည်း အားပြင်းတဲ့ မုန်တိုင်းကြောင့် လူပေါင်း ၁ သောင်းခန့် သေဆုံးခဲ့ဖူးတယ်လို့ သတင်းတွေ အရ သိရပါတယ်။
Ref. BBC
You may also like these stories:
ဖိလစ်ပိုင်မှာ အုန်းသီးအရက် သောက်ပြီး လူ ၈ ဦး သေဆုံးကာ ရာနဲ့ချီ ဆေးရုံရောက်
တရုတ်နိုင်ငံသားတွေ အများဆုံး ပြန်ပေးဆွဲခံနေရတဲ့ ဖိလစ်ပိုင်နိုင်ငံ
ကမ္ဘာ့အသက်အကြီးဆုံး ရိုးရာတက်တူး ထိုးပေးသူ၊ ဖိလစ်ပိုင်နိုင်ငံက အဘွားအို