အမေရိကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်၊ ပေါ်တာပါ့ခ် တိရိစ္ဆာန်ရုံမှာ ၂၀၁၉ ခုနှစ်ရဲ့ ခရစ္စမတ်လက်ဆောင်အဖြစ်မျိုးတုန်း ပျောက်ကွယ်တော့မယ့် ကြံ့နက်လေးတကောင် မွေးဖွားခဲ့ပါတယ်။ ဒါဟာ နှစ် ၁၀၀ အတွင်းမှာ ပထမဆုံး အကြိမ်အဖြစ် ပေါ်တာပါ့ခ်ထဲမှာ မွေးဖွားခဲ့တာလည်း ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၄ ရက်က မနက်စောစော ၅ နာရီ မိနစ် ၄၀ ခန့်မှာပဲ ပေါ်တာပါ့ခ်တိရစ္ဆာန်ရုံက အသက် ၁၂ နှစ် အရွယ် ကြံ့နက်မလေး Doppsee ကနေ ပထမဆုံးအကောင်ပေါက်လေးကို မွေးဖွားပေးခဲ့တာဖြစ်ပါတယ်။ ခရစ္စမတ် လက်ဆောင် အဖြစ် မွေးဖွားလာတဲ့ ကြံ့နက်ပေါက်လေးလည်း ကျန်းမာတယ်လို့ တိရစ္ဆာန်က တာဝန်ရှိသူ တွေက ပြောကြားခဲ့ပါတယ်။
“Doppsee ကိုယ်ရော၊ သူပထမဆုံး မွေးဖွားခဲ့တဲ့ အကောင်ပေါက်လေးရဲ့ ကျန်းမာရေးတွေကို နောက်ထပ် ရက် သတ္တပတ်တွေထိ တိရိစ္ဆာန်ရုံက ဆရာဝန်တွေက အနီးကပ်စောင့်ကြည့်မှုတွေ ပြုလုပ်ပေးသွားမှာပါ။ ကြံ့နက်ပေါက်လေး ကလည်း ကျန်းကျန်းမာမာပါပဲ” လို့ တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာ Ronan Eustace က ဆိုပါ တယ်။
ကြံ့ပေါက်လေးဟာ မွေးပြီးခါစမှာပဲ တနာရီခွဲလောက် မတ်တပ်ရပ်ခဲ့ပြီး အခုတော့ မိခင်နဲ့အတူတူ နေထိုင်နေ တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ပေါ်တာပါ့ခ် တိရစ္ဆာန်ရုံက မွေးခါစ ကြံ့နက်လေးကို မိခင်က နို့တိုက် ကျွေးနေတဲ့ပုံလေးကို Facebook စာမျက်နှာမှာ တင်ပေးခဲ့ချိန်မှာ စိတ်ဝင်စားတဲ့ပရိသတ်တွေ အများအပြား ရှိလာခဲ့ပါတယ်။ လက်ရှိမှာတော့ ကြံ့နက်အကောင်ပေါက်လေးကို နာမည်မပေးရသေးဘူးလို့ ဆိုပါတယ်။
ကြံ့နက်တွေဟာ ကမ္ဘာပေါ်မှာ မျိုးတုန်းပျောက်ကွယ်လုနီးပါး အန္တရာယ်ရှိနေတဲ့ အမျိုးအစားဖြစ်ပြီး အကောင်ရေ ၅ ထောင်လောက်ပဲ အာဖရိကတောရိုင်းထဲမှာ ကျန်ရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကဆိုရင် အကောင်ရေ ၂၅၀၀ အောက်ကျဆင်းသွားခဲ့တာကြောင့် မျိုးတုန်းမှုအန္တရာယ် အဆိုးဆုံးဖြစ်ခဲ့ရတယ်လို့ World Wildlife Fund က ထုတ်ပြန်ခဲ့ ပါတယ်။
တိရစ္ဆာန်ရုံက မျိုးစိတ်များ ပြန်လည်ရှင်သန်ရေး အစီအစဉ်အောက်မှာ ကြံ့နက်ကောင်ရေ ၅၀ ကိုထိန်းသိမ်း စောင့်ရှောက်ထားပြီး လူအကူအညီနဲ့ နှစ်စဉ် ကြံ့ပေါက်လေးတွေ မွေးဖွားနိုင်အောင် ကူညီစောင့်ရှောက်ပေးနေ ပါတယ်။
“တိရစ္ဆာန်ရုံက ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုကနေ ရလာတဲ့ အောင်မြင်မှုကြီးပါပဲ။ ကျမတို့ ဝန်ထမ်းတွေ အတူပူးပေါင်းပြီး မျိုးတုန်းတော့မယ့် ကြံ့နက်တွေကို ကောင်ရေတိုးပွားလာအောင် ထိန်းသိမ်းစောင့်ရှောက် မှုကနေ အကောင်းဆုံးရလဒ်ရအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ဆိုချင်ပါတယ်”
“ကျမတို့အားလုံး မွေးဖွားလာတဲ့ ကြံ့နက်ပေါက်လေးကြောင့် အရမ်းကို စိတ်လှုပ်ရှား ရင်ခုန်နေပါတယ်” လို့ ပေါ်တာပါ့ခ် တိရစ္ဆာန်ရုံရဲ့ ဒါရိုက်တာ ဖြစ်သူ Cynthia Wagner က ဆိုပါတယ်။
Ref: Foxnews