အသုံးပြုပြီးသား ကားတာယာအဟောင်းတွေဟာ လမ်းဘေး ဝဲယာနဲ့ အမှိုက်ပုံတွေမှာ အတွေ့ရဆုံး စွန့်ပစ်ပစ္စည်းတွေပါ။ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည် အသုံးပြုကာ နေ့စဉ်ဘဝမှာ အသုံးဝင်တဲ့ လူမှုအသုံးအဆောင်ပစ္စည်းတွေအဖြစ် ဖန်တီးခြင်းဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့ နည်းလမ်းတွေထဲက နည်းလမ်းတခုလည်း ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် ဘရာဇီးနိုင်ငံသား Amarildo Silva ကတော့ သူ့ပတ်ဝန်းကျင်နဲ့ လမ်းမှာ တွေ့သမျှ ကားတာယာ အဟောင်းတွေကို ပြန်လည် အသုံးပြုပြီး တိရစ္ဆာန်ငယ်လေးတွေအတွက် အိပ်ရာ ဖန်တီးပြုလုပ်ပေးနေတဲ့ လက်မှုပညာရှင်တယောက်ပဲ ဖြစ်ပါတယ်။
Silva ဟာ ဘရာဇီးနိုင်ငံ Campina မှာ နေထိုင်သူတဦးဖြစ်ပြီး လမ်းဘေး ခွေးတချို့နဲ့ ကားတာယာ အဟောင်းတွေကို ဆက်စပ်ကြည့်မိပြီး ခိုလှုံရာနေရာ တခုအဖြစ် ပြုလုပ်ပေးချင်စိတ်ကနေ အခုလို အကောင်အထည်ဖော်ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
ပထမဦးဆုံးအနေနဲ့ သူ့ရဲ့စိတ်ကူးကို အကောင်အထည် ဖော်နိုင်ဖို့ ကားတာယာတွေကို လိုက်လံ စုဆောင်းတာ၊ တိရစ္ဆာန်လေးတွေ သက်သောင့်သက်သာ နေထိုင်နိုင်ဖို့ ဒီဇိုင်းဆွဲစဉ်းစားတာ စတဲ့အရာတွေကို စတင်လုပ်ဆောင်ပါတော့တယ်။
ကားတာယာအဟောင်းတွေကို ဆေးကြောတာ၊ ဆေးအသစ် ပြန်သုတ်တာနဲ့ သူကိုယ်တိုင် တွေးဆထားတဲ့ ဒီဇိုင်းအမျိုးမျိုးကို ပုံဖော်တာ၊ တိရစ္ဆာန်လေးတွေရဲ့ နာမည်ရေးထိုးပေးတာ စတာတွေဟာ Silva အတွက်တော့ ရင်ခုန်စိတ်လှုပ်ရှားစရာပဲ ဖြစ်ပါတယ်။
Silva အနေနဲ့ တိရစ္ဆာန်လေးတွေအတွက် အခုလို အိပ်ရာလေးတွေ ပြုလုပ်ရောင်းချနေတာဟာဆိုရင် ၂ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး အခုအချိန်မှာဆိုရင် သူဖန်တီးတဲ့ တိရစ္ဆာန်လေးတွေအတွက် အိပ်ရာလေးတွေဟာဆိုရင်လည်း တစထက်တစ လူသိများ အောင်မြင်လာတာ ဖြစ်ပါတယ်။
သူ့ရဲ့ ဒီကိုယ်ပိုင်လုပ်ငန်းကို Caominhas Pets လို့ အမည်ပေးထားတာဖြစ်ပြီး သူရဲ့ဖန်တီးမှုပေါင်း ၅၀၀ ကျော် ရောင်းချခဲ့ရပြီးပြီလို့ သိရပါတယ်။
Ref. www.intelligentliving.com
You may also like these stories:
မျက်စိမမြင်တဲ့ ဒရယ်လေးကို အစာရှာဖို့ နေ့တိုင်း ကူညီပေးနေတဲ့ ကောင်လေး