ပိတ်ရက်တွေ ဆက်တိုက်ရှိနေပြီး ခရီးထွက် အနားယူတာတွေ ပြုလုပ်ပြီးနောက် လုပ်ငန်းခွင်ကို ပြန်ပြီး ဝင်တဲ့ အခါ စိတ်မပါတာတွေ ဖြစ်တတ်ပါတယ်။ ပျော်ခဲ့တဲ့ အရှိန်တွေ မကုန်သေးတာကြောင့် လုပ်ငန်းခွင်မှာ ပျင်းရိတာတွေ ဖြစ်လေ့ရှိတာကြောင့် လုပ်ငန်းခွင်ကို ပြန်ပြီး ဝင်တဲ့အခါ လိုက်နာရမယ့် အချက်တွေကို ဖော်ပြပေးချင်ပါတယ်။
အားလပ်ရက်အပြီးမှာ လုပ်ငန်းခွင်ကိုပြန်ပြီး ဝင်ရတာဟာ ခက်ခဲနိုင်တာ သေချာပေမယ့် အခု ဖော်ပြပေးမယ့် အချက်တွေကြောင့် အနည်းငယ် သက်သောင့်သက်သာ ဖြစ်စေပါလိမ့်မယ်။
(၁) အပြုသဘောဆန်တဲ့ အတွေးအခေါ်များ
လုပ်ငန်းခွင်ကို ပထမဆုံးအနေနဲ့ ပြန်ဝင်မယ့်ရက်မှာ အလုပ်တွေ အများကြီးကို ပြန်လုပ်ရမယ် ဆိုတဲ့ အတွေးတွေကို ခဏမေ့ထားလိုက်ပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောတာ ဒါမှမဟုတ် ထမင်းစားချိန်မှာ သင်အကြိုက်ဆုံးဆိုင်ကို သွားစားတာ စတဲ့ အရာတွေကို လုပ်ကြည့်သင့်ပါတယ်။ အဲဒီလို ဆိုင်တွေမှာ ထိုင်ရင်း သင်ဟာ လုပ်ငန်းခွင်ကို ပြန်ဝင်တဲ့အခါ အလုပ်တွေကို ဘယ်လို ကောင်းမွန်အောင် ပြန်ပြီး လုပ်သင့်တယ်ဆိုတာတွေကို သေချာတွေးဖို့ အကြံပေးချင်ပါတယ်။
(၂) လုပ်ငန်းခွင်ကို ကိုယ်ပိုင်နေရာ ပြုလုပ်ပါ
အတွေးအခေါ်ဆိုင်ရာ သိပ္ပံပညာ အဖွဲ့အစည်းရဲ့ အကြံပေးချက်တွေ အရ အနားယူပြီး လုပ်ငန်းခွင်ကို ပြန်ဝင်တဲ့အခါ သင့်အလုပ်စားပွဲ ဒါမှမဟုတ် သင့်ရဲ့ အလုပ်နေရာကို ကိုယ်ပိုင်နေရာဖြစ်အောင် ပြုလုပ်ပေးသင့်တယ်လို့ သိရပါတယ်။ အဲဒီလို ဖြစ်ဖို့ ဆိုရင် ခရီးသွားတုန်းက ဓာတ်ပုံကို ဖုန်းရဲ့ Wallpaper မှာ တင်ထားတာမျိုး ဒါမှမဟုတ် အပင်သေးသေးတွေ စိုက်တာမျိုး ပြုလုပ်ပြီး စိတ်ကို ကြည်လင်အောင် နေထိုင်သင့်ပါတယ်။
(၃) အလုပ်ကို စောစောသွားပါ
အားလပ်ရက်မှာ အနားယူပြီး အလုပ်ပြန်ဝင်တဲ့အခါ ရုံးကို စောစောသွားသင့်ပါတယ်။ အားလပ်ရက်ပြီးချိန်မှာ လုပ်ငန်းခွင်ကို ပြန်ဝင်ဖို့ သွားလာကြမယ့် သူတွေ များလို့ သင်စောစောထွက်လာခြင်းက ကားလမ်းပိတ်ခြင်းတွေကို ရှောင်ရှားနိုင်ဖို့ ဖြစ်ပြီး ရုံးအတွင်းမှာ ဆိတ်ငြိမ်စွာ ခေတ္တခဏနေလိုက်ခြင်းက သင့်စိတ်ကို အားပြန်ပြည့်စေမှာ သေချာပါတယ်။ ရုံးစောစောရောက်ခြင်းကြောင့် တယောက်တည်းနေဖို့ အချိန် ပိုရသွားပြီး ကော်ဖီသောက်တာ၊ အလုပ်စားပွဲ ရှင်းတာတွေကို စိတ်အေးချမ်းသာစွာ ပြုလုပ်နိုင်ပါလိမ့်မယ်။
(၄) ရည်မှန်းချက်အသစ် ထားပါ
ခရစ္စမတ် ရုံးပိတ်ရက်ပဲ ဖြစ်ဖြစ်၊ နွေရာသီ အားလပ်ရက်ပဲ ဖြစ်ဖြစ် ခရီးတွေသွားပြီး အလုပ်ပြန်လုပ်မယ့်အခါ ရည်မှန်းချက် အသစ်တွေ ထားဖို့ လိုအပ်ပါတယ်။ အရင်က လုပ်ခဲ့တာတွေထက် ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိနိုင်အောင် ဘယ်လို လုပ်သင့်တယ်ဆိုတာတွေ လုပ်ဖော်ကိုင်ဖက်တွေဆီက သင်ယူလို့ရတဲ့ အရာတွေ သင်ယူခြင်းတွေက သင့်ကို လုပ်ငန်းခွင်မှာ ပြန်လည် ပျော်ရွှင်စေမှာ သေချာပါတယ်။
(၅) စကားပြောပါ
အားလပ်ရက်တွေ ပြီးတဲ့နောက်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောခြင်းကလည်း သင့်ကို ပျော်ရွှင်စေမယ့် အချက်တချက်ပါပဲ။ ကိုယ်မသိလိုက်တဲ့ လုပ်ငန်းခွင်အတွင်း အကြောင်းအရာတွေကို ပြန်နားထောင်တာ၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေကို ပြန်ပြီး ပြောပြတာတွေက လုပ်ငန်းခွင်အတွင်း အားလပ်ရက်အပြီး အေးစက်နေတဲ့ ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေမှာ သေချာပါတယ်။
Ref. careeraddict.com
You may also like these stories:
လျစ်လျူရှုမထားသင့်တဲ့ စိတ်အတက်အကျမြန်တဲ့ စိတ်ကျန်းမာရေးပြဿနာ
နှစ်သစ်မှာ ပြောင်းလဲပြီး နှစ်ဟောင်းမှာ ချန်ထားခဲ့သင့်တဲ့ အရာများ
အိပ်ရေးပျက်တဲ့ ညတွေကို ဘယ်လို ကုစားကြမလဲ