၂၀၁၉ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၀ ရောက်ရှိလာတဲ့ နှစ်သစ်ကူးပွဲတော်ကာလအတွင်း ယာဉ်မတော်တဆမှုတွေကြောင့် ထိုင်းနိုင်ငံမှာ လူအများအပြား သေဆုံးခဲ့ပါတယ်။ အများဆုံးကတော့ ဘန်ကောက်မြို့တွင်းဖြစ်ပြီး အဓိကကတော့ အရက်သောက်စားပြီး ယာဉ်မောင်းနှင်ခဲ့ကြတာကြောင့်ပါ။
နှစ်သစ်ကူး အားလပ်ရက်အတွင်း ထိုင်းနိုင်ငံမှာ ယာဉ်မတော်တဆမှုပေါင်း ၂၅၀၀ ကျော်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၅၆ ယောက် သေဆုံးခဲ့ရပါတယ်။ ဒဏ်ရာရရှိသူ အရေအတွက်ကလည်း ၂၅၀၀ ကျော်ခဲ့သလို ယာဉ်မတော်တဆမှု စုစုပေါင်းရဲ့ ၃၂ ရာခိုင်နှုန်းကတော့ အရက်သောက်ပြီး ယာဉ်မောင်းနှင်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်နေ့မှာတင် ယာဉ်မတော်တဆမှုပေါင်း ၅၄၂ မှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၄၂ ယောက်သေဆုံးခဲ့ရသလို ၅၆၇ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။
ထိုင်းနိုင်ငံဟာ ယာဉ်အသွားအလာ ထူထပ်တဲ့နိုင်ငံဖြစ်သလို၂၀၁၉ ဇန်နဝါရီလကနေ အောက်တိုဘာလအတွင်း နေ့စဉ် လူ ၄၅ ယောက်နီးပါး သေဆုံးခဲ့ပြီး နှစ်သစ်ကူး ကာလအတွင်းကတော့ လူအသေအပျောက် အများဆုံး ကာလတခုလည်း ဖြစ်ပါတယ်။
ယာဉ်မတော်တဆမှုတွေကြောင့် လူသေဆုံးမှု အများဆုံး ဖြစ်ပွားခဲ့တဲ့ ဒေသတွေကတော့ ဘန်ကောက်နဲ့ ချင်းမိုင်ဖြစ်ပြီး ကျန်ဒေသတွေမှာလည်း အနည်းအကျဉ်း ထိခိုက်တာမျိုး ရှိခဲ့ပါတယ်။ အရက်သောက်ပြီး ယာဉ်မောင်းသူတွေကို ဖမ်းဆီးခဲ့သလို လိုင်စင်မရှိဘဲ ယာဉ်မောင်းနှင်သူ ၂ ထောင်ကျော်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ နှစ်သစ်ကူးပွဲတော်ကာလအတွင်းဟာ လူစည်ကားလေ့ရှိသလို လူအသေအပျောက် အများဆုံးကာလလည်း ဖြစ်ပါတယ်။ နိုင်ငံတကာခရီးသွားတွေအပြင် ဒေသခံတွေပါ ခရီးထွက် လည်ပတ်လေ့ရှိတဲ့အတွက်ကြောင့် ယာဉ်ကြောပိတ်ဆို့မှုအပြင် ယာဉ်မတော်တဆမှုတွေကို ရင်ဆိုင်ရလေ့ ရှိပါတယ်။
နှစ်သစ်ကူးကာလလည်း ဖြစ်နေတဲ့အတွက် အများစုက အရက်သေစာသောက်စားပြီး ယာဉ်မောင်းနှင်ကြတဲ့အတွက် နှစ်စဉ်ဆိုသလို လူအများအပြား သေဆုံးလေ့ ရှိပါတယ်။ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းတွေအနေနဲ့လည်း နှစ်သစ်ကူးကာလအတွင်း ယာဉ်အရေအတွက် ၂ ထောင်ကျော်ကနေ ၇ ထောင်ကျော်အထိ တိုးမြှင့် ပြေးဆွဲခဲ့ရတယ်လို့ သိရပါတယ်။
Ref: bangkokpost, thethaiger
You may also like these stories:
နှစ်သစ်ကူးပွဲတော်မရောက်ခင် ယာဉ်မတော်တဆမှုတွေကြောင့် ထိုင်းနိုင်ငံမှာ လူ၁၀၀ကျော် သေဆုံး
ကိုရင်ငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ထိုင်းဘုန်းကြီးတပါး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံက ဂေးအနှိပ်ခန်းမှာ မြန်မာနိုင်ငံသား ၄ ဦးနဲ့ နိုင်ငံခြားသားများ အဖမ်းခံရ