၂၀၁၉ ခုနှစ်တနှစ်တာ ကုန်ဆုံးသွားချိန်မှာတော့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းရဲ့ နံပါတ် (၁) နေရာဟာ အပြောင်းအလဲ မရှိခဲ့ပါဘူး။ Amazon သူဌေး Jeff Bezos ကပဲ ကမ္ဘာ့အချမ်းသာဆုံးလူအဖြစ် ဆက်လက် ရပ်တည်နေပါတယ်။
Jeff Bezos တယောက် ၂၀၁၉ ခုနှစ် တနှစ်တာအတွင်း လက်ရှိ ပိုင်ဆိုင်မှုထက် ဝင်ငွေ ၁၀ ဘီလီယံ ဆုံးရှုံးခဲ့ရတာတောင် အဆင့် (၁) နေရာမှာ ရှိနေဆဲပါ။ Bloomberg ရဲ့ ဘီလီယံနာ စာရင်းမှာ နှစ်အကုန် အပိတ်စာရင်းအရ Jeff Bezos ပိုင်ဆိုင်မှု ဟာ ၁၁၅ ဘီလီယံ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
သူ့နောက်မှာတော့ Microsoft သူဌေး Bill Gates က ပိုင်ဆိုင်မှု ၁၁၃ ဘီလီယံနဲ့ ဒုတိယနေရာမှာ ကပ်လိုက်နေပါတယ်။ Bezos ၊ Gates တို့ရဲ့နောက် ပြင်သစ်လူမျိုး Bernard Arnault က ဘီလီယံ ၁၀၀ ကျော်နဲ့ ထိပ်ဆုံး ၃ ယောက်စာရင်း ဝင်သွားခဲ့ပါတယ်။
Jeff Bezos ဟာ အတက်အကျများခဲ့တဲ့ တနှစ်တာအတွင်းမှာ ပိုင်ဆိုင်မှုတွေ အတော်တန်သင့် ဆုံးရှုံးခဲ့တာကြောင့် ပထမနေရာကို လက်လွတ်ရလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် နှစ်ကုန် အပိတ်စာရင်းမှာတော့ ပထမနေရာမှာပဲ ရှိနေခဲ့ပါတယ်။ Jeff Bezos ရဲ့ ဆုံးရှုံးမှုများခဲ့တာတွေထဲမှာ တချက်ကတော့ ဇနီးသည်နဲ့ ကွာရှင်းခဲ့တာကြောင့် ပိုင်ဆိုင်မှုတွေ ခွဲဝေပေးခဲ့ရပြီး Amazon ရှယ်ယာပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းပဲ ကျန်ရှိခဲ့ပါတယ်။
သူ့ရဲ့ဇနီးဟောင်းဖြစ်သူ Mackenzie Bezos ကတော့ Amazon ရှယ်ယာ ၄ ရာခိုင်နှုန်း ရရှိသွားခဲ့ပြီး ပိုင်ဆိုင်မှု ၃၇ ဘီလီယံနဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ အဆင့် ၂၅ နေရာကို ရောက်လာခဲ့ပါတယ်။ Jeff Bezos ရဲ့ နောက်မှာရှိနေတဲ့ Bill Gates ကတော့ နိုဝင်ဘာလက Amazon ရှယ်ယာတွေ ထိုးကျသွားတုန်းက အဆင့် တစ်နေရာကို ခဏတာ ရခဲ့ပါသေးတယ်။
ကမ္ဘာ့အချမ်းသာဆုံး အဆင့် ၄ နဲ့ ၅ မှာတော့ Warren Buffet နဲ့ Mark Zuckerberg တို့ရှိနေခဲ့ပြီး ထိပ်ဆုံး ဆယ်ယောက် စာရင်းမှာတော့ စီးပွားရေးလုပ်ငန်းရှင် David Koch ရဲ့ ဇနီးဟောင်း Julia Flesher Koch က ပိုင်ဆိုင်မှု ၆၂ ဘီလီယံနဲ့ တဦးတည်းသော အမျိုးသမီးအဖြစ် ပါဝင်လာခဲ့ပါတယ်။
Ref: edition.cnn
You may also like these stories:
Snapchat နဲ့ Amazon တို့ ပူးပေါင်းပြီး ဓာတ်ပုံရိုက်၊ ဈေးဝယ်ယူနိုင်မယ့်စနစ်ကို မိတ်ဆက်
ကမ္ဘာ့ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံး နိုင်ငံစာရင်းမှာ ထိုင်းနိုင်ငံ အဆင့် ၆ နေရာမှာ ရှိ
၂၀၁၉ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းစာရင်းဝင် လေဆိပ်များ