၂၀၁၉ ခုနှစ်ဟာ လေကြောင်းလိုင်းသမိုင်းမှာ ဘေးအန္တရာယ် အကင်းဆုံး နှစ်တနှစ် ဖြစ်ခဲ့ပါတယ်။ လေယာဉ်ပျက်ကျမှုတွေ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်တွေကထက် လူအသေအပျောက် နည်းခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး လေကြောင်းလိုင်းသမိုင်းမှာ လေယာဉ်ပျက်ကျမှု အနည်းဆုံးကတော့ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်ဖြစ်ခဲ့ပြီး လူ ၄၀ လောက်သာ သေဆုံးခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာတော့ လေယာဉ်ပျက်ကျမှုကြောင့် လူပေါင်း ၅၅၉ ယောက် သေဆုံးခဲ့ရပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ လူပေါင်း ၂၉၃ ယောက်သာ သေဆုံးခဲ့တဲ့အတွက် ၂၀၁၉ ခုနှစ်ဟာ လေကြောင်းသမိုင်းမှာ အန္တရာယ်အကင်းဆုံး တတိယနှစ် ဖြစ်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ လူသေဆုံးမှု အများဆုံးဖြစ်တဲ့ လေယာဉ်ပျက်ကျမှုကတော့ အီသီယိုးပီးယား နိုင်ငံဖြစ်ပြီး လူပေါင်း ၁၅၇ ယောက် သေဆုံးခဲ့ရပါတယ်။ ဒါကြောင့်လည်း ၂၀၁၉ အတွင်း လေယာဉ်ပျက်ကျမှုကြောင့်လူသေဆုံးခဲ့တဲ့ အရေအတွက် စုစုပေါင်းရဲ့ တဝက်ကျော် ရှိခဲ့ပါတယ်။
သုတေသနပြုချက်တွေအရ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး လေယာဉ်ပျက်ကျမှုကြောင့် နှစ်စဉ် ပျမ်းမျှ လူပေါင်း ၄၈၄ ယောက် သေဆုံးခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လူသေဆုံးမှုနှုန်းက တဝက်လောက် နည်းပါးသွားခဲ့အတွက် နောက်လာမယ့် ကာလတွေမှာ လေယာဉ်ပျက်ကျမှုကြောင့်ဖြစ်ရတဲ့ လူသေဆုံးမှုနှုန်းကို ပိုမိုလျှော့ချနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
လေကြောင်းလိုင်း အန္တရာယ် ကင်းရှင်းရေး ကွန်ရက်ကလည်း ၂၀၁၉ ခုနှစ်အတွင်း လေယာဉ် မတော် တဆမှုပေါင်း ၂၀ ဖြစ်ခဲ့တယ်လို့ ကြေညာခဲ့ပြီး ဒီဇင်ဘာလအတွင်း ကာဇက်စတန်လေယာဉ် ပျက်ကျမှုမှာတော့ လူ ၂၀ နီးပါး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကုန်းလမ်း၊ ရေလမ်း သယ်ယူပို့ဆောင်ရေးအပြင် လေကြောင်းလိုင်းသယ်ယူပို့ဆောင်ရေးကလည်း မျက်မှောက်ကမ္ဘာအတွက် အရေးပါလာခဲ့ပါတယ်။ ဒါကြောင့်လည်း တနှစ်ထက်တနှစ် ဆိုသလို လေကြောင်းလိုင်းတွေ ဘေးအန္တရာယ်ကင်းဖို့ လိုအပ်ပါတယ်။
Ref: news.aviation-safely, travelpulse
You may also like these stories:
လူ ၂၉ ယောက် သေဆုံးခဲ့ရတဲ့ ကွန်ဂို ဒီမိုကရက်တစ်နိုင်ငံက လေယာဉ်ပျက်ကျမှု
ကမ္ဘာပေါ်မှာ ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှု အများဆုံး နိုင်ငံများ
လေယာဉ် မတော်တဆမှုနဲ့ ကြုံတွေ့ရင် လိုက်နာရမယ့် အချက်များ