ပီရူးနိုင်ငံက ရဲမေတဦးက TikTok ဗီဒီယိုတွေမှာ ခန္ဓာကိုယ်အသားပေး ဝတ်စုံကို ဝတ်ဆင်ခဲ့လို့ အလုပ်ပြုတ်နိုင်ခြေ ရှိနေတယ်လို့ သိရပါတယ်။ “Bibidi Babidi Boo Challenge” လို့ အမည်ရတဲ့ အဲဒီ Challenge ဗီဒီယိုဟာ အဝတ်အဟောင်း ဒါမှမဟုတ် အိမ်နေရင်း ဝတ်စုံတွေကနေ လှပတဲ့ ဝတ်စုံတွေအဖြစ် ပြောင်းလဲဝတ်ဆင်ပြရတဲ့ Challenge တခုဖြစ်ပါတယ်။
Jossmery Toledo Coronel လို့ အမည်ရတဲ့ အဲဒီရဲမေဟာ ရဲဝတ်စုံကနေ ခန္ဓာကိုယ်အသားပေး ဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်ပြခဲ့တာ ဖြစ်ပါတယ်။ “Bibidi Babidi Boo Challenge” ဟာ ၁၉၅၀ ခုနှစ်များက ရေပန်းစားခဲ့တဲ့ စင်ဒရဲလားရုပ်ရှင်ထဲမှာ ပါတဲ့ ဂါထာဖြစ်ပြီး TikTok အသုံးပြုသူတွေကြားမှာ ရေပန်းစားတဲ့ Challenge ဖြစ်ပါတယ်။
Jossmery ဟာ ရဲဝတ်စုံကနေ ကိုယ်လုံးပေါ် အလှဝတ်စုံကို ဝတ်ဆင်ပြခဲ့တာဖြစ်ပြီး သူမရဲ့ ဗီဒီယိုကို ကြည့်ရှုသူ ၅ သိန်းကျော် ရှိခဲ့ပါတယ်။ သူမရဲ့ အင်စတာဂရမ် စာမျက်နှာကိုလည်း Follow လုပ်သူတွေ သန်းနဲ့ချီရှိသွားခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ ဗီဒီယိုတခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဗီဒီယိုကြောင့် သူမကို ပီရူးနိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ အရေးယူဖို့ ရှိနေတယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Jossmery ကတော့ အလုပ်ပြုတ်မှာကို စိတ်ပူဟန် မရှိဘဲ လူမှုကွန်ရက်မှာ အဖော်အချွတ်ပုံတွေ ထပ်ပြီး တင်ခဲ့ပါသေးတယ်။
မကြာခင်မှာ အရေးယူခံရဖို့ ရှိနေပေမယ့် သူမကတော့ “လူတွေက ဘာကြောင့် မနာလိုဖြစ်ကြတာလဲ။ ကျမ နားမလည်နိုင်ဘူး။ ကံမကောင်းစွာနဲ့ဘဲ ရဲတွေရဲ့ ရန်သူက ရဲအချင်းချင်း ဖြစ်နေတတ်တော့တာပဲ။ သူတို့ဟာ ရှင်တို့ ထူးထူးခြားခြား ဖြစ်နေတာကို မလိုချင်ကြဘူး”လို့ ပြောဆိုခဲ့ပါတယ်။
သူမရဲ့ ရှေ့နေကတော့ အသနားခံစာတင်ဖို့ ရှိတယ်လို့ ဆိုပေမယ့် သူမရဲ့ ပရိသတ်တွေကတော့ ရဲမေ အလုပ်က ထွက်ပြီး မော်ဒယ်လုပ်ဖို့ အကြံပေးသူတွေ ရှိတယ်လို့ သိရပါတယ်။ မနှစ်ကလည်း ဂျာမနီနိုင်ငံက ရဲမေတဦးဟာ အလားတူအဖြစ်မျိုး ကြုံခဲ့ရသေးတယ်လို့ သိရပါတယ်။
Ref. infosurhoy.com
You may also like these stories:
အစိုးရက ထုတ်ပေးထားတဲ့ ဖုန်းတွေမှာ TikTok အသုံးပြုခွင့် ပိတ်လိုက်တဲ့ အမေရိကန်ရေတပ်
TikTok ကုမ္ပဏီထုတ် ပထမဆုံး စမတ်ဖုန်း ထွက်ရှိ
TikTok ကုမ္ပဏီ နှစ်ဝက်အတွင်း ဒေါ်လာ ၇ ဘီလျံကျော် ရရှိ