လေဖြတ်ဝေဒနာ ခံစားနေရသူတွေဖြစ်တဲ့အတွက်ကြောင့် အသက်မွေးဝမ်းကျောင်း အလုပ်တခု လုပ်ကိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ ကိစ္စတခုပါ။ ဂျပန်နိုင်ငံရဲ့ Ory Lab ကနေ ထွက်ပေါ်လာတဲ့ အဖြေကတော့ လေဖြတ်ဝေဒနာခံစားရသူတွေကို အလုပ်အကိုင်ပေးဖို့ သူတို့ကိုယ်တိုင် ရီမုနဲ့ ထိန်းချုပ်လို့ရတဲ့ စက်ရုပ်တွေ တီထွင် ထုတ်လုပ် စမ်းသပ်ခဲ့ပါတယ်။
OriHime-D စက်ရုပ်တွေကို လုပ်ငန်းခွင်အတွင်း အသုံးပြုဖို့ သင့်၊ မသင့် တိုကျိုမြို့က ကော်ဖီဆိုင်တဆိုင်မှာ ၂ ပတ်ကြာ စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လေဖြတ်ဝေဒနာခံစားနေရသူ၊ အာရုံကြောရောဂါ ခံစားနေရသူ၊ ကျောရိုးထိခိုက်မှု ကြုံတွေ့ခဲ့ရသူတွေ ပါဝင်တဲ့ လူနာ ၁၀ ယောက်ဟာ OriHime-D စက်ရုပ်တွေကို သူတို့ရဲ့ ထိန်းချုပ်မှုနဲ့ Dawn Ver ကော်ဖီဆိုင်မှာ အောင်မြင်တဲ့ ဝန်ဆောင်မှုပေးနိုင်ကြောင်း ပြသနိုင်ခဲ့တာပါ။
စားပွဲထိုးတွေအနေနဲ့ တနာရီကို ပျမ်းမျှ ၉ ဒေါ်လာ ရရှိတာဖြစ်ပြီး ဂျပန်တနိုင်ငံလုံး အတိုင်းအတာနဲ့ သတ်မှတ်ထားတဲ့ အကျိုးခံစားခွင့်အတိုင်း ရရှိကြတာ ဖြစ်ပါတယ်။ အကယ်၍ ထိန်းချုပ်နေသူ လူနာဟာ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ မလှုပ်ရှားနိုင်သူတယောက်ဖြစ်နေမယ်ဆိုရင်တော့ သူတို့ရဲ့ မျက်လုံးနဲ့ ထိန်းချုပ်နိုင်မှာဖြစ်ပြီး စားသုံးသူတွေကို စကားပြောနိုင်ခြင်း၊ ဝန်ဆောင်မှုပေးခြင်းနဲ့ မှာယူထားတာတွေကို သယ်ဆောင်ပေးနိုင်ခြင်းစတာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
၂ပတ်ကြာစမ်းသပ်မှုဟာ စက်ရုပ်နဲ့ လူနာကြားထဲက ဆက်ဆံရေးတခုကို အဓိကရည်ရွယ်တာဖြစ်ပြီး ကိုယ်ပိုင်ဝင်ငွေရရှိဖို့၊ အမှီအခိုကင်းကင်းနဲ့ ပတ်ဝန်းကျင် ပေါင်းသင်းဆက်ဆံရေးမှာ အထောက်အကူပြုနိုင်ဖို့စတာတွေကတော့ အရေးကြီးဆုံး အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။
Ory Lab ရဲ့ CEO Kentaro Yoshifuji က “ကျနော့်အနေနဲ့ ခန္ဓာကိုယ် မလှုပ်ရှားနိုင်ပေမယ့် အလုပ်လုပ်ချင်စိတ်ရှိသူတွေအတွက် ကမ္ဘာလေးတခု ဖန်တီးချင်ပါတယ်”လို့ အင်တာဗျူးတခုမှာ ဖြေဆိုသွားခဲ့ပါတယ်။
Ref. www.intelligentliving.co