သြစတြေးလျနိုင်ငံ၊ အရှေ့တောင်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ အဓိကမြို့ကြီးတွေထိပါ ခြိမ်းခြောက်လာတာကြောင့် ကယ်ဆယ်ရေးအင်အား ၃,၀၀၀ ကျော် တိုးမြင့် ကယ်ဆယ်ပေးနေရပါတယ်။
လပေါင်းများစွာကြာအောင် လောင်ကျွမ်းနေတဲ့ တောမီးဒဏ်ကို ဒေသခံတွေ ခံစားနေရတဲ့အပြင် နိုင်ငံတကာက လူတွေပါ တုန်လှုပ်ခဲ့ရပါတယ်။
လက်ရှိမှာတော့ လပေါင်းများစွာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် ဧရိယာပေါင်း စတုရန်းကီလိုမီတာ ၆ သောင်းကျော် မီးဒဏ် သင့်ခဲ့ရပြီးပါပြီ။ အဆိုပါပမာဏဟာ ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းရဲ့ ၂ ဆနဲ့ ညီမျှပါတယ်။
နှိုင်းယှဉ်ရမယ်ဆိုရင် သြဂုတ်လတုန်းက ကမ္ဘာ့အကြီးဆုံး မိုးသစ်တောကြီးဖြစ်တဲ့ အမေဇုန်မှာ လောင်ကျွမ်းခဲ့တဲ့ အကျယ်အဝန်း စတုရန်းကီလိုမီတာ ၂ သောင်းခွဲ၊ ၂၀၁၈ ခုနှစ် ကယ်လီဖိုးနီးယားမှာလောင်ကျွမ်းခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ အဆိုးရွားဆုံးတောမီးလောင်ကျွမ်းမှုကြောင့် အကျယ်အဝန်း စတုရန်းကီလိုမီတာ ၈ ထောင်တို့နဲ့စာရင် ပိုမိုဆိုးရွားနေတာကို မြင်တွေ့ကြမှာပါ။
စက်တင်ဘာလနှောင်းပိုင်းကတည်းက လောင်ကျွမ်းနေတဲ့ တောမီးကြောင့် လူ ၃၅ ဦး သေဆုံးခဲ့ရပြီး ဒီထဲက ၁၇ ယောက်ကတော့ လူဦးရေ ထူထပ်တဲ့ နယူးဆောက်ဝေးပြည်နယ်က ဖြစ်ပါတယ်။ ဒ့ါပြင် လူဦးရေ ၁,၅၀၀ ကျော်ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
သဘာဝ တောတိရစ္ဆာန်တွေ အများအပြား တည်ရှိတဲ့ နယူးဆောက်ဝေးပြည်နယ် တခုတည်းမှာတင် တိရစ္ဆာန်ကောင်ရေပေါင်း သန်း ၄၈၀ ကျော် ကျက်စားကြပါတယ်။ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် တိရစ္ဆာန်တွေရဲ့ အသက်အန္တရာယ်ကို အကြီးအကျယ် ခြိမ်းခြောက်လာတာကြောင့် ပညာရှင်တွေက စိုးရိမ်နေပါတယ်။
လက်ရှိအချိန်ထိ သတင်းတွေမှာ ဖော်ပြချက်အရ တောမီးလောင်ကျွမ်းမှုကြောင့် တိရစ္ဆာန်ကောင်ရေ သန်း ၄၈၀ ကျော် သေဆုံးခဲ့ရပြီးပြီလို့ ဆိုပါတယ်။ ဒါ့ပြင် သြစတြေးလျနိုင်ငံတဝှမ်းမှာ အပူလိုင်းဖြတ်သန်းမှုကြောင့် အဓိက မြို့ကြီးတွေအပြင် မြို့တော် ကင်ဘာရာမှာပါ ၄၄ ဒီဂရီ Celsius ထိ စံချိန်တင် အပူချိန်ပြင်းထန်နေတယ်လို့ သိရပါတယ်။
တောမီးလောင်ကျွမ်းမှုကြောင့် လေထုထဲမှာ အဆိပ်သင့် မီးခိုးမှုန်တွေနဲ့ ပြည့်နှက်နေပြီး မြို့တော် ကင်ဘာရာမှာ ဇန်နဝါရီလ ၅ ရက် လေထုအရည်အသွေး တိုင်းတာမှုအရ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး လေထုညစ်ညမ်းမှုကို ခံစားနေရပါတယ်။
Ref: CNA
You may also like these stories:
နှစ်သစ်ကူးညမှာ မီးရှုးမီးပန်းဖောက်ဖို့ ကြိုးစားရင်း ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တဲ့ အမျိုးသား
TikTok မှာ ခန္ဓာကိုယ်အသားပေး ဝတ်စုံတွေ ဝတ်ဆင်ခဲ့လို့ အလုပ်ပြုတ်နိုင်ခြေ ရှိတဲ့ ရဲမေ
၂၀၁၉ ခုနှစ်ဟာ လေကြောင်းသမိုင်းမှာ လေယာဉ်ပျက်ကျမှု အနည်းဆုံး နှစ်တနှစ် ဖြစ်