Trend

ဂျပန်နိုင်ငံမှာ ချယ်ရီပန်းကြည့်ဖို့ အကောင်းဆုံး နေရာများ

ဂျပန်နိုင်ငံရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ ဆာကူရာလို့ခေါ်တဲ့ ချယ်ရီပန်းတွေကို ဆောင်းအကုန် နွေဦးပေါက်ရာသီမှာ အများအပြား တွေ့ရပါတယ်။ အဖြူ (သို့) ပန်းရောင် ချယ်ရီပန်းတွေဟာ ဂျပန်ကို လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေကို အဓိကဆွဲဆောင်ရာ တခုလည်း ဖြစ်ပါတယ်။

ဂျပန်လူမျိုးတွေကလည်း နှစ်တနှစ်မှာ အခုလို ချယ်ရီပန်းတွေ လှိုင်လှိုင်ပွင့်မယ့်အချိန်ကို စောင့်မျှော်ကြတာပါ။ ခန့်မှန်းချက်တွေအရတော့ ၂၀၂၀ ပြည့်နှစ်မှာ ချယ်ရီပန်းပွင့်ချိန်ဟာ ပုံမှန်ချိန်တွေထက် စောမယ်လို့ ခန့်မှန်းထားပါတယ်။

ကြိုတင် ခန့်မှန်းချက်အရတော့ ဆောင်းမကုန်ခင် ဇန်နဝါရီ နဲ့ ဖေဖော်ဝါရီလောက်မှာ စတင်ဖူးပြီး ရာသီကုန်ဆုံးချိန် ဧပြီလအကုန်နဲ့ မေလဆန်းလောက်ထိ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ချယ်ရီပန်းတွေကို အစောဆုံးတွေ့ရမယ့် နေရာကတော့ ဂျပန်နိုင်ငံတောင်ပိုင်း၊ ကျူရှူးမှာဖြစ်ပြီး ရာသီဥတုပေါ် မူတည်ကာ မတ်လအကုန်မှာ ပွင့်လန်းမယ်လို့ ခန့်မှန်းထားပေမယ့် ဒီ့ထက်လည်း အချိန်စောနိုင်တယ်လို့ ဆိုပါတယ်။ နောက်အကျဆုံးကတော့ မြောက်ပိုင်း၊ ဟိုကိုင်းဒိုးမှာ မေလဆန်းလောက် ပွင့်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ချယ်ရီပွင့်ချိန်မှာ ဂျပန်နိုင်ငံကို သွားရောက် လည်ပတ်မယ်ဆိုရင်တော့ မြို့တော် တိုကျိုမှာပဲ အကောင်းဆုံးနေရာတွေ ရှိပါတယ်။

ပထမဆုံး တနေရာက တိုကျိုမြို့ရဲ့ ထင်ရှားတဲ့ ပန်းခြံတွေထဲက Koishikawa Korakuen ဟာ ချယ်ရီပင်မျိုးစိတ် အစုံရဲ့ မူလအရင်းမြစ် နေရာတခု ဖြစ်ပါတယ်။ မနက် ၉ နာရီကနေ ညနေ ၅ နာရီထိဖွင့်ပြီး ဝင်ကြေးကတော့ ယန်း ၃၀၀ ပါ။

တိုကျိုမြို့လယ်ခေါင်က ပန်းခြံ Shinjuku Gyoen ထဲမှာ ချယ်ရီပင်ပေါင်း ၁,၀၀၀ ကျော် ရှိပါတယ်။ မနက် ၉ နာရီကနေ ညနေ ၄ နာရီခွဲထိ ဖွင့်ပြီး ဝင်ကြေးကတော့ ယန်း ၂၀၀ ပါ။

နောက်တနေရာကတော့ အပင်ပေါင်း ထောင်ကျော် ရှိပြီး ညဘက်ထိပါ ချယ်ရီပန်းတွေရဲ့အလှအပကို ခံစားနိုင်မယ့် Ueno ပန်းခြံပါ။ ဝင်ကြေး အခမဲ့ဖြစ်ပြီး ပန်းပွင့်ချိန်ဆိုရင် ည ၈ နာရီထိ ဖွင့်ပေးထားပါတယ်။

ချယ်ရီပန်းတွေ ပွင့်ချိန်ဆို Meguro မြစ်တလျှောက် ပွဲတော်တွေကို ညအချိန်ထိ ကျင်းပကြပါတယ်။ အများပြည်သူ အပန်းဖြေနေရာဖြစ်လို့ ဝင်ကြေးလည်း အခမဲ့ပါ။ ရေထဲကနေ ချယ်ရီပန်းပွင့်ချိန်ကို ခံစားချင်တယ်ဆိုရင်တော့ အပင် ၅၀၀ ကျော်ရှိတဲ့ Inokashira ပန်းခြံထဲက ရေကန်ထဲမှာ လှေစီးရင်း အပန်းဖြေနိုင်ပါတယ်။

Azumabashi နဲ့ Sakurabashi တံတား နှစ်စင်းကြားမှာရှိတဲ့ Sumida ပန်းခြံထဲမှာ ဖြတ်သန်းစီးဆင်းနေတဲ့ Sumida မြစ်ကြောင်းတလျှောက် ချယ်ရီပန်းပွင့်ချိန်ဆို လာရောက် ကြည့်ရှုလေ့ ရှိပါတယ်။ ဒီနေရာလေးဟာ ချယ်ရီပန်းပွင့်ချိန်တိုင်း လာလေ့ရှိတဲ့နေရာအဖြစ် Edo ခေတ်ထဲက ထင်ရှားခဲ့တာပါ။ ပန်းခြံကို ၂၄ နာရီပတ်လုံး လာရောက် လည်ပတ်နိုင်အောင် ဖွင့်လှစ်ပေးထားပါတယ်။

Ref: Japan RailPass

You may also like these stories:

ပရိသတ်အချစ်တော် “Mulan” မင်းသမီး Liu Yifei ရဲ့ အကြောင်း

ဂျပန်နိုင်ငံက Microsoft ကုမ္ပဏီမှာ အလုပ်ချိန် တပတ် ၄ ရက် ပြောင်းလဲပြင်ဆင်

အသက် ၁၀၀ နဲ့ အထက် လူပေါင်း ၇ သောင်းကျော် ရှိနေတဲ့ ဂျပန်နိုင်ငံ

Loading