ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ ဇနီးမင်းသမီး မီဂန်မာကယ်တို့ဟာ တော်ဝင်မိသားစုရဲ့ ရာထူးမြင့်အဖွဲ့ဝင် တွေ အဖြစ်ကနေ နောက်ဆုတ်ပြီး မြောက်အမေရိကမှာသာ နေထိုင်ကြဖို့ရှိတယ်လို့ ဇန်နဝါရီလ ၈ ရက်နေ့မှာပဲ ရုတ်တရက် ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ဗြိတိန်တော်ဝင် နန်းတွင်းရေးရာကိစ္စတွေက အချိန်၁နှစ်လောက် အရှုပ်အထွေးတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အခုလိုမျိုး ရုတ်တရက်ကြေညာချက် ထွက်ပေါ် လာခဲ့တာဖြစ်ပါတယ်။ တော်ဝင်မိသားစုဘဝနဲ့ မိသားစုတွင်း အကွဲအပြဲဇာတ်လမ်းတွေကို သူတို့နှစ်ယောက် ကြိုးစားရုန်းကန်နေရတယ်ဆိုတဲ့ အရိပ်လက္ခဏာအဖြစ်လည်း မှတ်ယူနိုင်ပါတယ်။
ဘာမင်ဂန်နန်းတော်ကနေ ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ တော်ဝင်ဇနီးမောင်နှံနှစ်ဦးက “ကျနော်တို့ဟာ တော်ဝင် မိသားစုရဲ့ ရာထူးမြင့်အဖွဲ့ဝင်တွေအဖြစ်ကနေ နောက်ဆုတ်ပြီး ဘဏ္ဍာရေးအရ လွတ်လွတ်လပ်လပ်နဲ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ ဘုရင်မကြီးကိုတော့ အပြည့်အ၀ ဆက်လက်ထောက်ခံသွားမှာဖြစ်ပါတယ်”
“ လပေါင်းများစွာကြာ မိသားစုတွင်း ဆွေးနွေးမှုတွေ၊ သုံးသပ်မှုတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာ ဒီ အဖွဲ့အစည်း အတွင်းမှာပဲ တိုးတက်မှုရှိတဲ့ ရာထူးနေရာတခုကို လုပ်ဆောင်ဖို့ ဒီနှစ်မှာပဲ အပြောင်းအလဲ တခုကို စတင်ဖို့ ရွေးချယ် လိုက်ပါတယ်။ ကျနော်တို့ဟာ ယူကေနဲ့ မြောက်အမေရိကတို့အကြားမှာ အချိန်တွေကို ညီမျှအောင် နေထိုင်ဖို့ စီစဉ်ထားပါတယ်” လို့ ပြောဆိုထားပါတယ်။
တော်ဝင်ထီးနန်းနဲ့ နီးစပ်သူတွေအဖြစ် ထင်ကြေးပေးခံထားရတဲ့သူတွေက ဘုရင်မကြီးကိုယ်စား တာဝန်တွေကို ထမ်းဆောင်ရတယ်ဆိုပေမယ့် ရာထူးမြင့်တော်ဝင်မိသားစုဝင်တယောက်က ဘာတွေလုပ်ဆောင်ရမယ်ဆိုတာ တရားဝင် သတ်မှတ်ထားတာမျိုးတော့ မရှိပါဘူး။
Sussex မြို့စားနဲ့ မြို့စားကတော်တို့ဟာ ၂၀၁၈ ခုနှစ်တုန်းက ဝင်ဆာရဲတိုက်မှာ မင်္ဂလာဆောင်ပြီး ပြီးခဲ့တဲ့နှစ် မေလမှာ သားလေး Archie ကို မွေးဖွားခဲ့ပြီးတဲ့နောက် လူထု မျက်မှောက်ရှေ့မှာနေထိုင်ရလို့ ရရှိတဲ့ဖိအားတွေကနေ ရှောင်လွှဲဖို့ ပြီးခဲ့တဲ့ ခရစ်စမတ်ကာလတုန်းက ကနေဒါနိုင်ငံမှာ အချိန်ကုန်ဆုံးခဲ့ကြတာပါ။
ခရစ်စမတ်ကာလကို အဲလိဇဘက်ဘုရင်မကြီး၊ ကျန်ရှိတဲ့တော်ဝင်မိသားစုနဲ့ အတူ ဖြတ်သန်းနိုင်ငံမှာ မဟုတ်ဘဲ မြို့စားကတော်ရဲ့ မိခင် Doria Ragland နဲ့သာ အချိန်ကုန်ဆုံးဖို့ ရွေးချယ်လိုက်တဲ့အကြောင်း မကြာသေးမီက ကြေညာခဲ့ပါတယ်။
ဗြိတိန်ထီးနန်းဆက်ခံရမယ့်နေရာထဲ နံပါတ် ၆ နေရာမှာရှိတဲ့ မင်းဟား ဟယ်ရီက သူနဲ့ သူ့အစ်ကိုတော် မင်းသား ဝီလီယံတို့ဟာ မတူညီတဲ့ လမ်းကြောင်းတွေပေါ်မှာ ရှိနေကြကြောင်း ပြောခဲ့ပြီး သူတို့နှစ်ယောက်ဆက်ဆံရေးမှာလည်း တင်းမာမှုတွေ ရှိနေတယ်လို့ ဝန်ခံခဲ့ပါတယ်။
မင်းသမီး မီဂန်ကလည်း မီဒီယာတွေရဲ့ ပြင်းထန်တဲ့အာရုံစူးစိုက်မှုအောက်မှာ နေထိုင်ရပြီး မိခင်တယောက် ဖြစ်လာရတာ ဟာ တော်တော်လေးကို ရုန်းကန်ခဲ့ရတဲ့ ကိစ္စပဲလို့ ပြောဆိုထားပါတယ်။ ဒါ့အပြင် ခဲအို မင်းသား ဝီလီယံရဲ့ ဇနီး Kate နဲ့လည်း အခဲမကျေမှုတွေ ရှိတဲ့အပြင် မင်းသမီးမီဂန်ရဲ့ ဗြိတိန်ဖွား သူငယ်ချင်းတွေက မင်းသား ဟယ်ရီနဲ့ လက်မထပ်ဖို့ သတိပေးခဲ့တယ်လို့လည်း ကောလာဟလတွေ ရှိခဲ့ပါတယ်။
Ref:CNA
You may also like these stories:
ဘောလုံးပရိသတ်တွေကို စိတ်ကျန်းမာရေးအကြောင်း စဉ်းစားကြဖို့ မင်းသား ဝီလီယံ တိုက်တွန်း
ဥရောပနိုင်ငံတွေက တော်ဝင်မိသားစုတွေရဲ့ ခရစ္စမတ် ကျင်းပပုံများ
ဥရောပတိုက်ရဲ့ အညံ့ဆုံးနိုင်ငံများနဲ့ အကောင်းဆုံး နိုင်ငံများ