ဝန်ထမ်းတွေရဲ့ တနေ့တာ လုပ်ငန်းစွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဘေးပတ်ဝန်းကျင် အခြေအနေ သက်ရောက်မှု ရှိ၊ မရှိကို လေ့လာသူတွေက အမြဲလိုလို သုတေသန လေ့လာမှုတွေ ပြုလုပ်နေပြီး အခုတခါ ပြုလုပ်ခဲ့တဲ့ လေ့လာမှုကတော့ ရုံးတွင်းအခန်းအပူချိန်ဟာ ဝန်ထမ်းတွေရဲ့ အထူးသဖြင့် အမျိုးသမီးဝန်ထမ်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ပေါ် သက်ရောက်မှုရှိတယ်လို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။
ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်တွင်း စွမ်းဆောင်နိုင်ရည်နဲ့ လုပ်ဆောင်ချက်တွေအပေါ် သက်ရောက်နိုင်တဲ့ ဘေးပတ်ဝန်းကျင် အခြေအနေတွေထဲမှာ ရုံးတွင်း အခန်းအပူချိန်ဟာလည်း အဓိကအရေးပါ အရာရောက်တဲ့ အချက်တချက် ဖြစ်ပြီး အပူချိန်ပြောင်းလဲမှုပေါ် လုပ်ငန်းစွမ်းဆောင်ရည်ဟာ ကွဲပြားမှုရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။
လုပ်ငန်းရှင်တွေအနေနဲ့လုပ်ငန်းခွင်တွင်း လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်စေဖို့ ငွေကြေး အရင်းအနှီးတွေနဲ့ တခြားသောအရာတွေ ဖြည့်ဆည်းပေးသလိုပဲ အလုပ်အပေါ် အာရုံစိုက်နိုင်ပြီး စွမ်းဆောင်ရည်တွေ ပိုမိုတိုးတက်လာစေဖို့ ရုံးတွင်းအပူချိန်ကိုလည်း ဂရုစိုက်သင့်တယ်လို့ လေ့လာသူတွေက အကြံပြုထားကြပါတယ်။
လေ့လာမှုတွေအရ ရုံးတွင်း အခန်းအပူချိန် အပြောင်းအလဲဟာ အမျိုးသားတွေထက် အမျိုးသမီးတွေအပေါ် ပိုမိုသက်ရောက်မှုဖြစ်စေပြီး အပူချိန်အပေါ် တုံ့ပြန်နိုင်စွမ်းကလည်း မတူညီကြဘူးလို့ သိရပါတယ်။ ဒီလေ့လာတွေ့ရှိမှုကို အတည်ပြုနိုင်ဖို့အတွက် လေ့လာသူတွေဟာ လူပေါင်း ၅၀၀ ကျော်ကို အခန်းအပူချိန်အပြောင်းအလဲပေါ်မူတည်ပြီး လုပ်ငန်းစွမ်းဆောင်ရည် အနိမ့်၊အမြင့်ကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
အေးလွန်းတဲ့ အခန်းအပူချိန်ဟာ အမျိုးသမီးတွေအတွက်တော့ အလုပ်အပေါ် အာရုံစူးစိုက်နိုင်စွမ်းရည်နဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို လျော့ကျစေပြီး အမျိုးသမီးတွေဟာ နွေးနွေးထွေးထွေးရှိတဲ့ အခန်းအပူချိန်မှာ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုကောင်းမွန်ကြတယ်လို့ ဆိုပါတယ်။
အမျိုးသားတွေအနေနဲ့ကတော့ ပူနွေးတဲ့အခန်းအပူချိန်ထက် အေးမြတဲ့အခန်းအပူချိန်မှာ အလုပ်အပေါ် အာရုံစူးစိုက်နိုင်စွမ်း ပိုမိုမြင့်တက်ပြီး စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ကြတယ်လို့ ဆိုပါတယ်။
Ref. www.npr.org