ဆေးပညာဆိုင်ရာ ဂျာနယ်တခုဖြစ်တဲ့ Demography ရဲ့ ဖော်ပြချက်အရ အမျိုးသမီးတွေအနေနဲ့ သက်လတ်ပိုင်း အရွယ်အထိ လုပ်ငန်းခွင်ဝင်ကာ အလုပ်လုပ်ကိုင်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ကောင်းမွန်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
သုတေသနကို ဦးဆောင်သူ သိပ္ပံပညာရှင်တဦးဖြစ်တဲ့ Jennifer Caputo ဟာ ဒီလေ့လာမှုအတွက် အမျိုးသမီးပေါင်း ၅၁၀၀ ရဲ့ စစ်ဆေးမှု အချက်အလက်တွေကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး အသက်အရွယ်အားဖြင့် အသက် ၃၀ ကနေ ၄၄ နှစ်ကြားအရွယ် အပိုင်းအခြားတွေကို လေ့လာခဲ့တာ ဖြစ်ပါတယ်။
ဒီလေ့လာမှုအရ သက်လတ်ပိုင်းအရွယ်အထိ လုပ်ငန်းခွင်ဝင်ကာ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးတွေဟာ ပုံမှန်ထက် စိတ်ကျရောဂါဖြစ်နိုင်ခြေနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ ခံစားရနိုင်ခြေ ၂၅ ရာခိုင်နှုန်းခန့် နည်းပါးကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
လုပ်ငန်းခွင်တွင်းမှာ စိတ်ဖိစီးမှု ပြဿနာတွေ၊ လုပ်ငန်းခွင်တွင်း အဆင်မပြေမှုတွေ ကြုံတွေ့ခံစားပြီး အလုပ်လုပ်ကိုင်နေရတယ် ဆိုရင်တောင် အလုပ်လက်မဲ့ အမျိုးသမီးတွေထက် ပိုပြီး စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအရမှာပါ ပိုမိုကောင်းမွန်ကြတယ်လို့ လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။
သက်လတ်ပိုင်းအရွယ်အထိ အလုပ်လုပ်ကိုင်တယ်လု့ိပြောတဲ့နေရာမှာ လုပ်ငန်းခွင်ဝင်ကာ လုပ်ကိုင်ရတဲ့ အလုပ်အပြင် အိမ်တွင်း တနိုင်တပိုင် စီးပွားရေးလုပ်ငန်းတွေကလည်း အကျုံးဝင်ကြောင်းကို လေ့လာမှုမှာ ဖော်ပြထားပါတယ်။
“ဒီလေ့လာမှုက အမျိုးသမီးတွေကိုပဲ အဓိကထားပြီး လေ့လာတာဆိုပေမယ့် အမျိုးသားတွေအတွက် အကျုံးဝင်တဲ့ လေ့လာမှုတခု ဖြစ်ပါတယ်။ သက်လတ်ပိုင်းအရွယ်အထိ အလုပ်လုပ်ကိုင်ခြင်းဟာ ဝင်ငွေလမ်းကြောင်းကိုလည်း တဖက်တလမ်းက အထောက်အပံ့ပေးနိုင်မှာဖြစ်သလို စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်”လို့ ဖော်ပြထားပါတယ်။
You may also like these stories:
အသက် ၂၁ နှစ်ပြည့်မှသာ တရားဝင်ဆေးလိပ် ဝယ်ယူသောက်သုံးနိုင်မယ့် အမေရိကန်နိုင်ငံ
သမီး မိန်းကလေးရှိတဲ့ ဖခင်တွေဟာ အသက်ပိုရှည်ကြကြောင်း လေ့လာတွေ့ရှိ
စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ နေ့စဉ်ပြုလုပ်နေကျ အပြုအမူများ