အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့မှာ တရက်တည်းနဲ့ Coyote (မြောက်အမေရိကမျိုးရင်း မီးခိုးရောင် ဝံပုလွေ) တိုက်ခိုက်ခံရမှု ၂ မှု ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။ တိုက်ခိုက်ခံရမှု တခုမှာတော့ ၅ နှစ်အရွယ်ကလေးငယ်တဦး ဒဏ်ရာရခဲ့တာကြောင့် ဒေသခံတွေနဲ့ ရဲအရာရှိတွေ စိတ်သောက ရောက်ခဲ့ရပါတယ်။
Coyote ဝံပုလွေတွေဟာ ချီကာဂို အနီးအနား တဝိုက်မှာ ကျက်စားနေထိုင်လေ့ ရှိပေမယ့် လူကို အန္တရာယ် မပြုခဲ့တာ ဆယ်စုနှစ် ၃ စုလောက် ကြာပါပြီ။ မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်ခံရမှုမှာ လင်ကွန်းပန်းခြံထဲက သဘာဝပြတိုက်အပြင်ဘက် ၅ နှစ်အရွယ် ကလေးငယ်ကို ကိုက်ခဲ့တာပါ။
ကလေးငယ်ကို ကိုက်နေတဲ့ Coyote ဝံပုလွေ ထွက်သွားအောင် ကလေးထိန်းက ခြေထောက်နဲ့ ကန်ကြောက်ခဲ့ရပါတယ်။ ကိုက်ခံရတဲ့ ကလေးငယ်ကို ချက်ချင်း ကလေးဆေးရုံ ခေါ်သွားပြီး ကုသပေးခဲ့လို့ သက်သာသွားပြီလို့ ဆိုပါတယ်။
နောက်ထပ်တမှုကတော့ အဆိုပါနေ့ ညဘက် အသက် ၃၂ နှစ်အရွယ် အမျိုးသားတဦး အနောက်မြောက်ပိုင်း ဆေးရုံနားမှာ လမ်းလျှောက်နေတုန်း Coyote ဝံပုလွေက သူ့တင်ပါးကို ကိုက်ခဲ့တာပါ။ ကိုက်ခံရပြီးပြီးချင်း ဆေးရုံသွားပြ ခဲ့လို့ ခုတော့ သက်သာနေပါပြီလို့ ချီကာဂိုရဲအရာရှိက ဆိုပါတယ်။
ထိုက်ခိုက်ခံရမှုတွေကြောင့် အနီးအနားမှာ Coyote ဝံပုလွေတွေကို ရှာဖွေခဲ့ရာမှာ လင်ကွန်းပန်းခြံနားမှာ ၁ ကောင် တွေ့ခဲ့ပေမယ့် တိုက်ခိုက်ခဲ့တဲ့ အကောင် ဟုတ်မဟုတ်တော့ မကျိန်းသေဘူးလို့ တိရစ္ဆာန်စောင့်ရှောက်ရေးစင်တာမှ တာဝန်ရှိသူတဦးက ဆိုပါတယ်။
ချီကာဂိုမြို့ခံတွေကလည်း Coyote တကောင် ကိုယ့်အနီးအနားရောက်လာခဲ့ရင် မောင်းထုတ်ကြဖို့နဲ့ အိမ်နားမှာ အစားအစာအကြွင်းအကျန်တွေကို မပစ်ကြဖို့၊ အမှိုက်အိတ်တွေကို သေချာထုပ်သိမ်းထားဖို့နဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ညအချိန်မှာ အိမ်ထဲ ထည့်ထားကြဖို့ တိုက်တွန်းထားပါတယ်။
Coyote ဝံပုလွေတွေကို ချစ်တဲ့သူတွေကလည်း အစားအစာတွေကို သူတို့လာစားနိုင်အောင် အပြင်မှာ မထားပေးကြဖို့ တိရစ္ဆာန်ထိန်းချုပ်ရေး ကောင်စီမှ တာဝန်ရှိသူတဦးက ဆိုပါတယ်။ Villa ပန်းခြံထဲမှာ ကျက်စားနေတဲ့ Coyote ၂ ကောင်ကို လူတွေနဲ့ အရမ်းရင်းနှီးလာတာကြောင့် သတ်ပစ်ခဲ့ရပြီး ဗိုက်ခွဲကြည့်တဲ့အခါ အစာအိမ်ထဲ လူ့အစားအစာတွေနဲ့ ခွေးစာတွေ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ တိရစ္ဆာန် ထိန်းချုပ်ရေးကောင်စီနဲ့ ရဲအရာရှိတွေက လင်ကွန်းပန်းခြံတဝိုက်မှာ လိုက်လံ ရှာဖွေနေကြပြီး မြို့ခံလူထုကလည်း Coyote ဝံပုလွေနဲ့ ပတ်သက်ပြီး ထူးခြားမှုရှိရင် ချက်ချင်းသတင်းပို့ကြဖို့ နှိုးဆော်ထားပါတယ်။
Ref: edition.cnn
You may also like these stories:
ကားတာယာဟောင်းတွေ သုံးပြီး တိရစ္ဆာန်တွေအတွက် အိပ်ရာ ပြုလုပ်ပေးတဲ့ ဘရာဇီး လက်မှုပညာရှင်