သြစတြေးလျတောမီးကြောင့် အစာရေစာ ပြတ်လပ်နေတဲ့ တိရစ္ဆာန်တွေကို အစာကျွေးဖို့အတွက် ကန်စွန်းဥနဲ့ မုန်လာဥနီ စတဲ့ အသီးအနှံတွေကို လေယာဉ်ပေါ်ကနေ ပစ်ချပြီး အစာကျွေးခဲ့တယ်လို့ သိရပါတယ်။ အခုလို အစာကျွေးဖို့အတွက် အစိုးရတာဝန်ရှိသူတွေနဲ့ တောတွင်း တိရစ္ဆာန်ထိန်းသိမ်းရေး ပရဟိတအဖွဲ့တွေက ပူးပေါင်းပြီး ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
NSW အမျိုးသားဥယျာဉ်က ဝန်ထမ်းတွေဟာ သြစတြေးလျနိုင်ငံတွင်းက Capertree နဲ့ Wolgan တောင်ကြား၊Yengo အမျိုးသားဥယျာဉ်၊ Kangaroo တောင်ကြားနဲ့ Jenolan အနီးတဝိုက်၊ Oxley Wild မြစ်နဲ့ Curracubundi အမျိုးသားဥယျာဉ်တို့မှာ အစာကျွေးခဲ့တာ ဖြစ်ပါတယ်။
“တိရစ္ဆာန်တွေက တောမီးလောင်တော့ ထွက်ပြေးကြတယ်။ ပြေးသွားတဲ့ နေရာတွေက အစာမရှိတော့ သူတို့မှာ အစာပြတ်လပ်ပြီး သေဖို့ပဲ ရှိတော့တယ်။ သူတို့က တောမီးကို ရှောင်နိုင်ပေမယ့် အစာကိစ္စအတွက် စိတ်ပူစရာဖြစ် လာတယ်။ သားပိုက်ကောင် အငယ်စားတွေ ဖြစ်တဲ့ ဝါလဘီတွေက ဒီပြဿနာကို အဓိကကြုံနေရတယ်”လို့ သြစတြေးလျ အရှေ့တောင်ပိုင်းရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး Matt Kean က ဆိုပါတယ်။
သြစတြေးလျနိုင်ငံက တောမီးကြောင့် တောတွင်းတိရစ္ဆာန်ပေါင်း သန်းနဲ့ချီ သေဆုံးခဲ့တယ်လို့ ကမ္ဘာတောရိုင်းတိရစ္ဆာန် ရန်ပုံငွေ အဖွဲ့က ခန့်မှန်းထားပါတယ်။
“ဒါက စိတ်မကောင်းစရာ သတင်းပါပဲ။ ဒီတောမီးကြောင့် ကိုအာလာ၊ သားပိုက်ကောင် စတဲ့ သြစတြေးလျနိုင်ငံရဲ့ အမျိုးသားတိရစ္ဆာန်တွေကို အများဆုံး ဆုံးရှုံးခဲ့ရတယ်”လို့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့ရဲ့ အမှုဆောင်အရာရှိက ထုတ်ပြန်ခဲ့ပါတယ်။
လေယာဉ်ကတဆင့် အစာကျွေးဖို့အတွက် သြစတြေးလျနိုင်ငံတွင်းက ရန်ပုံငွေအဖွဲ့တွေကလည်း ကူညီမှုတွေ ပေးခဲ့ပြီး အစာ ၂၂၀၀ ကီလိုဂရမ်ခန့်ကို ပစ်ချပေးခဲ့တယ်လို့ သိရပါတယ်။
Ref. Dailymail
You may also like these stories:
သြစတြေးလျတောမီးကြောင့် နေအိမ် ဆုံးရှုံးသွားပေမယ့် ဒေါ်လာ ၁ သန်း ထီပေါက်ခဲ့တဲ့ အမျိုးသား
ကိုအာလာ ဝက်ဝံတွေကို မွေးစားပြီး သြစတြေးလျတောမီး ရန်ပုံငွေ လှူဒါန်းနိုင်
မင်းသား လီယိုနာဒိုရဲ့ Earth Alliance အဖွဲ့က သြစတြေးလျမီးဘေးအတွက် ဒေါ်လာ ၃ သန်းလှူဒါန်း