ဖိလစ်ပိုင်နိုင်ငံမှာ ဇန်နဝါရီ ၁၂ ရက်ကတည်းက မီးတောင်ပေါက်ကွဲနိုင်ခြေ ရှိတဲ့အတွက် အရေးပေါ် ကယ်ဆယ်ရေး အခြေအနေတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ပေါက်ကွဲနိုင်ခြေရှိတဲ့ မီးတောင်က ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ မနီလာမြို့တောင်ပိုင်းက Taal မီးတောင်ဖြစ်ပြီး ပြာနဲ့ချော်ရည်တွေ ပန်းထွက်နေခဲ့တဲ့အတွက်ကြောင့် လေကြောင်းလိုင်း ရာချီပြီး ပျံသန်းမှုကို ရပ်တန့်ခဲ့ရပါတယ်။
ဒီလို အန္တရာယ်ရှိနေတဲ့ အခြေအနေကြားကပဲ ဖိလစ်ပိုင် ဇနီးမောင်နှံဖြစ်တဲ့ Chino နဲ့ Kat Vaflor ဆိုသူတို့ဟာ သူတို့ရဲ့မင်္ဂလာပွဲကို ကျင်းခဲ့ပါတယ်။ မီးတောင်ကနေ မီးခိုးပြာတွေ မှုတ်ထုတ်နေချိန်မှာပဲ သူတို့ရဲ့ မင်္ဂလာပွဲဓာတ်ပုံတွေကို အကောင်းဆုံး ရိုက်ကူးနိုင်ခဲ့ပါတယ်။ မင်္ဂလာပွဲ ကျင်းပနေချိန်မှာတော့ သူတို့ဇနီးမောင်နှံဟာ မီးတောင်နဲ့ ၁၀ မိုင် အကွာအဝေးမှာ ရှိနေခဲ့ပါတယ်။
မင်္ဂလာပွဲ ဓာတ်ပုံကို ရိုက်ကူးပေးခဲ့သူကတော့ Randolf Evan ဆိုသူဖြစ်ပြီး မင်္ဂလာပွဲဓာတ်ပုံ ရိုက်ကူးနေချိန်မှာတော့ မီးတောင်က ပြာမှုန်တွေက မနီလာမြို့အနီးကို ရောက်နေခဲ့ပါပြီ။ ဒီလို စွန့်စားပြီး ဓာတ်ပုံ ရိုက်ကူးနိုင်ခဲ့တဲ့အတွက် သူတို့ဇနီးမောင်နှံအနေနဲ့ ဝမ်းမြောက်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဓာတ်ပုံ ဆရာဖြစ်သူ Evan ကတော့ “ကျနော်တို့ တကယ် စိတ်လှုပ်ရှားခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဓာတ်ပုံရိုက်ကူးနေစဉ် အတွင်းမှာပဲ မီးတောင်ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး နောက်ဆုံးသတိပေးချက်တွေကို ဆိုရှယ် မီဒီယာမှာ ထုတ်လွှင့်နေပါပြီ” လို့ စွန့်စွန့်စားစား ဓာတ်ပုံရိုက်ကူးခဲ့တာနဲ့ ပတ်သက်ပြီး ပြောပါတယ်။
အခုဆိုရင်တော့ မီးတောင်ပေါက်ကွဲနိုင်ခြေကြောင့် လေယာဉ်ခရီးစဉ် ၅၀၀ ကျော်ကို ရပ်ဆိုင်းထားခဲ့ပြီး အစိုးရ စာသင်ကျောင်းတွေနဲ့ အစိုးရရုံးတွေကို ပိတ်ထားခဲ့ပြီပဲ ဖြစ်ပါတယ်။ မီးတောင်ပတ်ဝန်းကျင် နေထိုင်တဲ့ ဒေသခံ ထောင်ပေါင်းများစွာကိုလည်း ဘေးကင်းရာကို ပြောင်းရွှေ့ထားခဲ့ပါတယ်။
ဘာပဲပြောပြော မင်္ဂလာမောင်နှံက မင်္ဂလာပွဲကို ပြီးအောင် ကျင်းပနိုင်ခဲ့သလို မင်္ဂလာ ဓာတ်ပုံတွေကိုလည်း စွန့်စားပြီး ရိုက်နိုင်ခဲ့ကြပါတယ်။
Ref: travelandleisure
You may also like these stories:
ဧပြီလအတွင်းမှာ မင်္ဂလာဆောင်မယ့် အဆိုတော် နေဝင်းနဲ့ အိမ့်ချစ်ချောတို့ စုံတွဲ
ဧည့်ပရိသတ်တွေ ရှေ့မှာ လက်ထပ်ပွဲ ကျင်းပခဲ့တဲ့ ခွေးစုံတွဲ
အမြင့်ပေပေါင်း ၃၇,၀၀၀ ကျော်၊ လေယာဉ်ပေါ်မှာ မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ စုံတွဲ