Trend

သြစတြေးလျ တောမီးကြောင့် ထွက်ပေါ်လာတဲ့ မီးခိုးငွေ့များ ကမ္ဘာတဝှမ်းပျံ့နှံ့

သြစတြေးလျနိုင်ငံမှာ ကာလရှည်ကြာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် ထွက်ပေါ်လာတဲ့ မီးခိုးငွေ့များဟာ ကမ္ဘာတပတ် ပြည့်သွားတဲ့အပြင် နိုင်ငံတခုလုံးပေါ်ကိုတောင် ပြန်လည် ဖုံးလွှမ်းနေတယ်လို့ နာဆာမှ သိပ္ပံပညာရှင်တွေက သတိပေး ပြောဆိုလိုက်ပါတယ်။

ဂြိုဟ်တုက ရိုက်ကူးယူထားတဲ့ ဓာတ်ပုံတွေကို အခြေခံပြီး နာဆာ အာကာသစခန်းဘက်က လေ့လာချက်တွေအရ တောမီးလောင်ကျွမ်းမှုကနေ ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေဟာ ကမ္ဘာတဝှမ်း ပျံ့နှံ့နေတာကို တွေ့ရှိခဲ့ကြပါတယ်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလလောက်ကတည်းက စုံစမ်းချက်တွေအရ မီးခိုးငွေ့တွေဟာ ကမ္ဘာတဘက်ခြမ်းလောက် ပျံ့နှံ့ပြီးသွားတဲ့အပြင် မီးခိုးငွေ့ကြောင့် တခြားနိုင်ငံတွေရဲ့ လေထုအရည်အသွေးပါ ကျဆင်းခဲ့ရတယ်လို့ ထုတ်ပြန်ခဲ့ပါ တယ်။

သြစတြေးလျနိုင်ငံဟာ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး တောမီးလောင်ကျွမ်းမှုကို ခံစားနေရပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လကတည်းက စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတဝှမ်းမှာ အဆိုပါ တောမီးကြောင့် လူ ၂၈ ယောက် သေဆုံးခဲ့ကာ နယူးဆောက်ဝေးပြည်နယ် တခုတည်းမှာတင် လူဦးရေ ၃,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ဇန်နဝါရီ ၈ ရက်မှာ နာဆာရဲ့ ထုတ်ပြန်ချက်အရ သြစတြေးလျနိုင်ငံမှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် တောင်အမေရိကနိုင်ငံတွေက ကောင်းကင်တွေမှာတောင် မီးခိုးငွေ့တွေနဲ့ မှောင်မှိုင်းအုံ့ဆိုင်းနေတယ်လို့ ဆိုပါတယ်။ နယူးဇီလန်နိုင်ငံမှာဆိုရင် မီးခိုးငွေ့တွေကြောင့် လေထုညစ်ညမ်းပြီး ဒေသတွင်းက တောင်ကုန်းတွေပေါ်မှာ မီးခိုးရောင် နှင်းတွေ ကျဆင်းတဲ့အထိပဲလို့ နာဆာက ဆိုပါတယ်။

သတင်းတွေမှာ ဖော်ပြချက်အရ ဇန်နဝါရီလ အစောပိုင်းမှာ နယူးဇီလန်နိုင်ငံက The Fox နဲ့ Franz Josef ရေခဲတောင်တွေဟာ အညိုရောင် ပြောင်းသွားတဲ့အကြောင်းကို ရေးသားထားပါသေးတယ်။

ရာသီဥတု လေ့လာရေး သိပ္ပံပညာရှင်ဖြစ်တဲ့ Nicolas Bellouin ရဲ့ ပြောပြချက်အရ သြစတြေးလျနိုင်ငံမှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် အမျိုးအမည်မသိ အမှုန်လေးတွေဟာ ကမ္ဘာ့အနှံ့ကို ရောက်ရှိသွားပြီး ချီလီနိုင်ငံနဲ့ အာဂျင်တီးနားနိုင်ငံတွေလို မြောက်အမေရိကတိုက်က နိုင်ငံတွေရဲ့ လေထုအရည်အသွေးကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

“ဒီလို တောမီးမျိုး သြစတြေးလျမှာ နှစ်တိုင်း လောင်ကျွမ်းနေမယ်ဆိုရင် ဒါမှမဟုတ်လည်း ဆက်တိုက် လောင်ကျွမ်းနေဦးမယ်ဆိုရင် လေထု အရည်အသွေးနဲ့ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေကို သတိမူသင့်ပြီ” လို့ ဆိုပါတယ်။

Ref: edition.cnn

You may also like these stories:

သြစတြေးလျ တောမီးအတွက် ရည်ရွယ်လှူဒါန်းခဲ့ကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ

သြစတြေးလျ တောမီးကို ထိန်းချုပ်လာနိုင်ပြီဖြစ်ကြောင်း မီးသတ်သမားများ ပြောကြား

သြစတြေးလျ တောမီးအတွင်းက တိရစ္ဆာန်တွေအတွက် စားစရာများ လေယာဉ်ပေါ်မှ ပစ်ချကျွေး

Loading