သမီးရည်းစား ရှာဖွေပေးတဲ့ Application တွေကို အသုံးပြုတာဟာ နည်းပညာနဲ့ အသားကျနေတဲ့သူတွေ အတွက်တော့ လွယ်ကူနိုင်ပါတယ်။ ဒီနေ့ခေတ်မှာ ကြင်ဖော် ရှာဖွေရတာဟာ စိန်ခေါ်မှုများပြီး တော်တော်ခက်ခဲတဲ့ ကိစ္စတခုဖြစ်လာပါပြီ။ အမျိုးသားတွေအနေနဲ့ သူများထက်ပိုပြီး သာတဲ့ ဖန်တီးနိုင်စွမ်းတွေ ရှိမှသာ အမျိုးသမီးတွေရဲ့ စိတ်ဝင်စားခြင်းကို ခံရနိုင်မှာ ဖြစ်ပါတယ်။
ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ မလေးရှားနိုင်ငံ တီရန်ဂါနူပြည်နယ်မှာ နေထိုင်တဲ့ အမျိုးသားတဦးဟာ မိန်းမ လိုချင်နေကြောင်းကို ကြော်ငြာဆိုင်းဘုတ်တွေ ထောင်ပြီး ပြသခဲ့ပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ အဲဒီအမျိုးသားဟာ သူနေထိုင်တဲ့ မြို့အတွင်းမှာနဲ့ ကမ်းခြေပတ်ဝန်းကျင်မှာ သူ့ပုံနဲ့ အချက်အလက်တွေ ပါဝင်တဲ့ ဗီနိုင်းတွေကို လိုက်ပြီး ထောင်ထားခဲ့တာဖြစ်ပါတယ်။
ဒီလို ဗီနိုင်း ပြုလုပ်ရတာဟာ လူမှုကွန်ရက် စာမျက်နှာကတဆင့် ရည်းစားရှာဖွေမယ်ဆိုရင် အပြိုင်အဆိုင်များတာကြောင့် ဖြစ်တယ်လို့ Aziro က ပြောပါတယ်။ ဗီနိုင်းပေါ်မှာ သူ့ရဲ့ ဓာတ်ပုံ၊ အသက်၊ ကိုယ်အလေးချိန်၊ အလုပ်အကိုင် အပါအဝင် ဆက်သွယ်လို့ ရမယ့် ဖုန်းနံပါတ်တွေကိုပါ ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။
“လူမှုကွန်ရက်ကနေ မရှာချင်လို့ အခုလို လုပ်ခဲ့တာပါ။ ဗီနိုင်းတွေ ထောင်ထားတော့ အနီးအနားရွာတွေက ကောင်မလေးတွေ သတိထားမိတာပေါ့။ ကျနော့်ကို ဖုန်းဆက်တဲ့ သူတွေ အများကြီးပါပဲ”လို့ သူက Malay Mails သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။
သူ့ရဲ့ မိန်းမရှာနည်းဟာ လူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံ့သွားခဲ့ပြီး လူငယ်တော်တော်များများက ပြန်လည်မျှဝေခဲ့ကြပါတယ်။ သူ့ရဲ့ မိန်းမရှာပုံတော်နဲ့ ပတ်သက်ပြီး အိမ်က မိသားစုဝင်တွေကို ပြောပြခဲ့ခြင်းတော့ မရှိဘူးလို့ သူက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
Ref. Says, worldofbuzz.com
You may also like these stories:
အသက် ၂၁ နှစ် မပြည့်မီ ဖုန်းကိုင်သူတွေကို ထောင်ချမယ့်အဆို အမေရိကန်လွှတ်တော်မှာ တင်သွင်း
မီးတောင် ပေါက်ကွဲနိုင်ခြေ ရှိပေမယ့် မင်္ဂလာပွဲကို ပြီးအောင် ကျင်းပခဲ့တဲ့ ဖိလစ်ပိုင်စုံတွဲ
အာဆီယံနိုင်ငံတွေထဲ မြန်မာနိုင်ငံဟာ ကိုယ့်ကိုယ်ကို သတ်သေမှု စတုတ္ထအများဆုံး နိုင်ငံဖြစ်လာ