Trend

တောမီးဒဏ်သင့် တိရစ္ဆာန်တွေအတွက် Koala ရွှံ့ရုပ်လုပ်ပြီး အလှူငွေရှာပေးနေတဲ့ ကလေးငယ်

သြစတြေးလျနိုင်ငံမှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် ဒုက္ခရောက်နေတဲ့ တိရစ္ဆာန်လေးတွေကို ကူညီဖို့ အတွက် ကလေးငယ် တယောက်ဟာ ရွှံ့ရုပ်လေးတွေ ပြုလုပ်ပြီး ရန်ပုံငွေ ရှာပေးနေပါတယ်။ ကောင်လေးဟာ Koala ပုံတူ ရွှံ့ရုပ်လေးတွေကို ကိုယ်တိုင်ပြုလုပ်ကာ ဒေါ်လာ ၂ သောင်း ကျော်လောက် ကူညီပေးနိုင်နေပါပြီ။

လွန်ခဲ့တဲ့ ၂ ပတ်လောက်ကစပြီး မက်ဆာချူးဆက်ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၆ နှစ်အရွယ် Owen Colley ဟာ တောမီးကြောင့် တိရစ္ဆာန်လေးတွေ ထိခိုက်ဒဏ်ရာရပြီး ဒုက္ခရောက်နေတာကို မိခင်ဆီက ကြား သိရပြီးနောက်မှာတော့ စိတ်မကောင်းဖြစ်ခဲ့ရတယ်။

အဲဒီ့နောက်မှာတော့ သူ့ဆန္ဒကို ဖော်ပြထားတဲ့ သားပိုက်ကောင်၊ Koala နဲ့ Dingo ကောင်လေးတွေ မိုးရေထဲမှာ ရှိနေတဲ့ ပုံလေးကို ပန်းချီဆွဲခဲ့သေးတယ်လို့ မိခင်ဖြစ်သူ Caitlin Colley က ပြောပြခဲ့ပါတယ်။

“ပထမဆုံး အကြိမ် Owen တယောက် Lego ထက် ပိုစိတ်ဝင်တစားရှိတာကို တွေ့လိုက်ရတာပါပဲ။ ဒါဆို ကူညီပေးကြမလား၊ သူ့ကိုမေးပြီး ကျမတို့တူတူ လုပ်ဖြစ်ခဲ့ကြတယ်။ ရွှံ့ နဲ့ Koala ကောင်လေး ပုံတူလုပ်ပြီး မီးဘေးအတွက် လှူကြတဲ့ မိတ်ဆွေတွေနဲ့ အမျိုးတွေကို အရုပ်လေးတွေ ပြန်ပေးဖြစ်ခဲ့တယ်”လို့ မိခင်က ဆိုပါတယ်။

Owen တယောက် သူကိုယ်တိုင် လုပ်ထားတဲ့ Koala ရွှံ့ရုပ်လေးတွေကို မိဘတွေက သြစတြေးလျနိုင်ငံ တောင်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီးအတွက် လှူဒါန်းသူတွေကို အမှတ်တရ ပြန်ပေးခဲ့ပါတယ်။ ဒေါ်လာ ၅၀ နဲ့ အထက် လှူဒါန်းသူတိုင်းကို Koala ရွှံ့ရုပ်လေးတွေ ပြန်ပေးလာခဲ့တာ အခုဆိုရင် အရုပ်ပေါင်း ၅၅ ရုပ်လုပ်ပေးခဲ့ ပြီးပါပြီ။

 

 

ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းထိ ကယ်ဆယ်ကူညီရေးအဖွဲ့အတွက် တပတ်အတွင်း အလှူငွေ ဒေါ်လာ ၂ သောင်းကျော် ပေးနိုင်ခဲ့တယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ သြစတြေးလျနိုင်ငံတောင်ပိုင်း၊ နယူးဆောက်ဝေး ပြည်နယ်မှာ ဘီလျံဝက်ကျော်ရှိတဲ့ တိရစ္ဆာန်တွေဟာ တောမီးကြောင့် ဒုက္ခရောက်နေခဲ့ကြပြီး ဒီထဲက သန်းနဲ့ချီ သေဆုံးနိုင်ခြေရှိနေသေးတယ်လို့ ဆစ်ဒနီတက္ကသိုလ်မှ လေ့လာသူတွေက သုံးသပ်ပါတယ်။

“ကျနော်က အလှူရှင်တွေကို သြစတြေးလျနိုင်ငံအကြောင်း ပိုသိလာစေချင်သလို၊ ဒီမှာ နေထိုင်ကျက်စားကြတဲ့ တိရစ္ဆာန်တွေအကြောင်းကိုပါ သိစေချင်တာပါ” လို့ Owen က ဆိုပါတယ်။ သူငယ်တန်းအရွယ်သာရှိသေးပေမယ့် Owen ဟာ တိရစ္ဆာန်တွေအကြောင်းကို စိတ်ဝင်တစားနဲ့ သေချာလေ့လာထားသူပါ။

Owen လမ်းလျှောက်တတ်ခါစ အရွယ်က သြစတြေးလျနိုင်ငံမှာ လအနည်းငယ်ပဲ နေထိုင်ခဲ့ဖူးပေမယ့် ဖခင်ဖြစ်သူ Simon Owen ကတော့ ဆစ်ဒနီမြို့မှာ ကြီးပြင်းခဲ့တာကြောင့် ဒီနိုင်ငံနဲ့ သူတို့မိသားစု ဆက်နွယ်မှု ရှိနေတာပါလို့ ဆိုပါတယ်။ Owen တယောက် သြစတြေးလျနိုင်ငံကို ပြန်သွားချင်နေပေမယ့် လောလောဆယ်မှာတော့ မီးခိုးငွေ့တွေကြောင့် သွားဖို့ အဆင်မပြေသေးဘူးလို့ မိခင်ဖြစ်သူက ဆိုပါတယ်။

Ref: edition.cnn

You may also like these stories:

သြစတြေးလျ တောမီးကြောင့် ထွက်ပေါ်လာတဲ့ မီးခိုးငွေ့များ ကမ္ဘာတဝှမ်းပျံ့နှံ့

သြစတြေးလျ တောမီးအတွက် ရည်ရွယ်လှူဒါန်းခဲ့ကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ

သြစတြေးလျ တောမီးကနေ ကိုအာလာတွေကို ကားနဲ့ ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ ဆယ်ကျော်သက် တချို့

Loading