ဝန်ထမ်းသစ်စုဆောင်းရေး အေဂျင်စီတခုမှာ အလုပ်လုပ်နေတဲ့ ဆေးလိပ်မသောက်တဲ့ ဝန်ထမ်းတွေကို အလုပ်နားရက် ပိုပေးမယ်လို့ ကုမ္ပဏီရဲ့ သူဌေးက ထုတ်ပြန်ခဲ့ပါတယ်။
ဒီသတင်းထုတ်ပြန်ချက်ဟာ အင်္ဂလန်နိုင်ငံ၊ Swindon မြို့မှာ ရှိတဲ့ KCJ လေ့ကျင့်ရေးနဲ့ အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းတခုမှာ ဖြစ်ပြီး ဆေးလိပ်သောက်တတ်တဲ့ ဝန်ထမ်းတွေနဲ့ ဆေးလိပ်မသောက်တဲ့ ဝန်ထမ်းတွေကြားက ကွာခြားမှုကို ပြချင်လို့ ဖြစ်တယ်လို့ သိရပါတယ်။
ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ကိုယ်တိုင်က ဆေးလိပ်သောက်သူ ဖြစ်တာကြောင့် ဒီလို ပြုလုပ်ဖို့ စီစဉ်လိုက်ရတာ ဖြစ်တယ်လို့ မန်နေဂျင်း ဒါရိုက်တာဖြစ်တဲ့ Don Bryden က ပြောပါတယ်။
“ဒါက ဆေးလိပ်သောက်သူတွေရော၊ မသောက်သူတွေ အတွက်ပါ အကျုံးဝင်တဲ့ စည်းကမ်း ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ဘယ်သူ့ကိုမှ ခွဲခြားသွားမှာ မဟုတ်ပါဘူး။ တကယ်လို့ ဆေးလိပ်သောက်ချင်လို့ ဆေးလိပ်သောက်ဖို့ နားချိန်ယူတယ် ဆိုရင်လည်း ကျနော့်အနေနဲ့ ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမဲ့ ဆေးလိပ်တခါသောက်ဖို့ နားချိန် ၁၀ မိနစ် ယူတယ်ဆိုရင် တနေ့ရဲ့ အလုပ်ချိန် ၈ နာရီအတွင်းကနေ နုတ်သွားမယ့် သဘောနဲ့ပဲ တွက်ကြည့်ကြတာပေါ့”လို့ သူက BBC သတင်းဌာနက ပြောပါတယ်။
အခုလို ခွင့်ရက်ပိုပေးမယ့် အတွက် ဆေးလိပ်မသောက်ရဆိုတဲ့ အမိန့်ကို ထုတ်တာမျိုး မဟုတ်ဘဲ သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ကူညီပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
“တကယ်လို့ဗျာ ခင်ဗျားက ဆေးလိပ် မသောက်တာ ၃ လကြာပြီ ဆိုပါစို့။ ကျနော်က ခင်ဗျားကို အလုပ်နားရက် တရက် ပိုပေးလိုက်မှာပဲ။ ၆ လ မသောက်ရင် ၂ ရက် ပိုပေးမယ်။ ကျနော့်ရဲ့ လုပ်ငန်းခွင်ကို ကျမ်းမာတဲ့ လုပ်ငန်းခွင်ဖြစ်စေချင်ပါတယ်”လို့ Don Bryden က ပြောပါတယ်။
ဒီလိုပြုလုပ်ရတာဟာ ဆေးလိပ်မသောက်တတ်တဲ့ ဝန်ထမ်းတွေကို ချီးမြင့်တဲ့ သဘောမျိုးဖြစ်တယ်လို့ သူက သတင်းဌာနတွေကို ဖြေကြားခဲ့ပါတယ်။
Ref. BBC
You may also like these stories:
ခွေးတွေကို လူသားတွေရဲ့ မိတ်ဆွေအဖြစ် အသိအမှတ်ပြုပွဲတော် နီပေါနိုင်ငံမှာ ကျင်းပ
တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ဂျပန်နိုင်ငံသားတဦးကို ထပ်မံကူးစက်
အိမ်မှာအထီးကျန်စွာ ကျန်ခဲ့ရတဲ့ အိမ်မွေးခွေးတွေအတွက် သီချင်း Playlist မိတ်ဆက်လိုက်တဲ့ Spotify