ထိုင်းအမျိုးသားတဦးဟာ သူကြိုက်နေတဲ့ ကောင်မလေး အိမ်ကို ဗုံးနဲ့ ပစ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ Lat Phrao ရပ်ကွက်မှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ တနင်္လာနေ့ ည ၉ နာရီအချိန်ခန့်မှာ ဗုံးသတင်းကို ပြည်သူတဦးက ဖုန်းဆက် တိုင်ကြားတာကြောင့် ရဲတပ်ဖွဲ့မှ သွားရောက် စစ်ဆေးရာ M26 အမျိုးအစား ဗုံးတလုံး သိမ်းဆည်းရမိခဲ့ပြီး သိမ်းဆည်းရမိချိန်မှာ ဗုံးဟာ မကွဲသေးကြောင်း သိရပါတယ်။
မျက်မြင်သက်သေတဦးရဲ့ ပြောကြားချက်အရ ည ၈ နာရီလောက်မှာ အမျိုးသားတဦးဟာ ဆိုင်ကယ်စီးပြီး တိုက်ခန်း အောက်ကို ရောက်လာကြောင်းနဲ့ တိုက်ခန်း တတိယထပ်အတွင်းကို တစုံတခု ပစ်ထည့်ခဲ့တာကို တွေ့မြင်ရတယ်လို့ ပြောပါတယ်။
တိုက်ခန်းမှာ နေထိုင်တဲ့ စုံတွဲကတော့ ဗုံး ရုတ်တရက် ကျလာတာကြောင့် အရမ်းကို ကြောက်ရွံ့ခဲ့ရတယ်လို့ ဒေသခံ သတင်းဌာနတွေကို ပြောခဲ့ပါတယ်။ ဗုံးပစ်သူဟာ အဲဒီတိုက်ခန်း အနီးတဝိုက်မှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် အမျိုးသားဖြစ်ပြီး အဲဒီအမျိုးသားက အသက် ၂၀ အရွယ် ကောင်မလေးကို ကြိုက်နှစ်သက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ကောင်မလေးမှာ ချစ်သူ ရည်းစားရှိပြီး ဖြစ်လို့ အခုလို ဗုံးနဲ့ လာပစ်တာဖြစ်နိုင်တယ်လို့ တိုက်ခန်း မန်နေဂျာဖြစ်တဲ့ Saranya Krueboon က ရှင်းပြပြောဆိုခဲ့ပါတယ်။
ရဲတွေကတော့ ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိတဲ့ အဲဒီ အသက် ၅၀ အရွယ် အမျိုးသားကို ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Ref: nationthailand.com
You may also like these stories:
မိခင်ကို သတ်ပြီး ခုတ်ထစ်ကာ ရေခဲသေတ္တာထဲ ထည့်ထားတဲ့ ထိုင်းကျောင်းသား
ကျောက်တော်၌ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် ၁ ဦး အသတ်ခံရပြီး ၁ ဦး ပျောက်ဆုံးနေ
တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ဂျပန်နိုင်ငံသားတဦးကို ထပ်မံကူးစက်