လူတယောက်က သူ့ရဲ့ ဝင်ငွေကို ထုတ်ဖော်ပြောသင့်သလား။ ကိုယ်ဝင်ငွေကို ထုတ်ဖော်ပြောလိုက်မိတာဟာ သူငယ်ချင်း အချင်းချင်းကြားမှာတောင် ဆက်ဆံရေးတွေ အေးစက်သွားတတ်ပါတယ်။
“ငါ့ထက် သူက ဘယ်လောက် ပိုရှာနိုင်တာ၊ ဒီအသက်အရွယ်ပဲ ရှိသေးတယ်၊ သူ့ဝင်ငွေက ငါ့ထက်ပိုကောင်းနေတယ်” ဆိုတဲ့ မနာလိုစိတ်တွေကြောင့် မိတ်ဆွေတွေကြားမှာ သွေးအေး မသွားရအောင် သတိမူရမယ့် အချက်တွေကို ဝေမျှပေးချင်ပါတယ်။
အချက်အလက်တွေ ဝေမျှမပေးခင်မှာ စာရေးသူက သူ့ကိုယ်ပိုင် အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။
“ပီတာနဲ့ ကျနော်ဟာ ဂေါ့ဖ်ရိုက်ဖော်တွေ ဖြစ်လာတာ နှစ်တွေ ကြာပါပြီ။ တနေ့တော့ ပီတာက ကျနော့်ရဲ့ ဝင်ငွေကို မေးလာပါတယ်။ ကျနော်လည်း မပြောချင်တာနဲ့ ရက်သတ္တပတ် တော်တော်ကြာအောင် ရှောင်ခဲ့ပေမယ့် တနေ့တော့ သူ့အလုပ်က လစာပေးတာ နည်းနေမှန်းသိအောင် ကျနော့် လစာကို သိချင်တာပါ”လို့ ဆိုပါတယ်။
“ဒါမှလည်း သူ့အလုပ်ရှင်ကို တခြားသူတွေကတော့ ဒီလောက်ရတယ်ဆိုပြီး အထွန့်တက်နိုင်မယ်”လို့ အကြောင်းပြပါတယ်။ ကျနော့် လစာကို ပြောလိုက်မိချိန်မှာတော့ သူခေါင်းငိုက် စိုက်ကျသွားပြီး ဂေါ့ဖ် အတူတူလာ မကစားတော့သလို သူ့လက်ရှိ အလုပ်ကနေလည်း မထွက်ဘဲ ဒီနေ့ထိ ဆက်လုပ်နေဆဲပါ။
ဒါကိုကြည့်ရင် လူတယောက်ဟာ သူ့ဝင်ငွေကို တခြားသူသိအောင် ထုတ်ဖော်ပြောတာဟာ ကောင်းကျိုးထက် ဆိုးကျိုးပဲ ရှိလာနိုင်ပါတယ်။ သူငယ်ချင်း၊ မိတ်ဆွေကြားမှာလည်း မုဒိတာပွားပေးတာထက် မနာလိုစိတ်တွေ ပိုကြီးထွားလာအောင် မီးထိုးလိုက်သလိုပါပဲ။ ဒါကြောင့် အတတ်နိုင်ဆုံး သင့်ဝင်ငွေကို ဘယ်သူမှ မသိအောင် နေပါ။
ဝင်ငွေကို တခြားသူတွေ မသိတဲ့အခါ ဘယ်လိုကောင်းကျိုးတွေ ရလာနိုင်မလဲ။ အခြေအနေနဲ့ အချိန်ခါပေါ် မူတည်ပြီး ကြွယ်ဝချမ်းသာမှုကို လိုတိုး ပိုလျှော့နေနိုင်လာမယ်၊ ဝယ်စရာရှိတဲ့ ပစ္စည်းတွေနဲ့ ခရီးတွေကို စိတ်အေးချမ်းစွာ ဝယ်ယူ၊ သွားလာနိုင်မယ်။ သင် ဝင်ငွေ ပိုကောင်းနေရင်တောင်မှ မနာလိုမယ့်သူ မရှိဘဲ လူတွေရဲ့မျက်စိ ဒေါက်ထောက်ကြည့်ခံရတဲ့ ဘဝကနေ ရှောင်ရှားနိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ သင့်ဝင်ငွေကို လူတကာ သိပြီဆိုတာနဲ့ မျက်စိဒေါက်ထောက်ကြည့်ပြီး ဝေဖန်တာကို ခံရမှာပါပဲ။ “ဝင်ငွေများတာ လှူတော့ ဒီလောက်ပဲလား၊ တနှစ်ဝင်ငွေတောင် ဒီလောက်ပဲရှိတာ ကားအကောင်းစား ဝယ်စီးနိုင်တယ်နော်၊ ဒီအသက်အရွယ်ရောက်နေပြီ ဝင်ငွေက ဒါပဲလား” စတဲ့ စကားလုံးတွေနဲ့ ထိုးနှက်တတ်ကြပါတယ်။
တကယ်လို့ အကြောင်းတစုံတရာကြောင့် မဖြစ်မနေ သင့်ဝင်ငွေကို ထုတ်ဖော်ပြောရမယ်ဆိုရင်တောင် သင်နဲ့တန်းတူ အချင်းချင်းရဲ့ ဝင်ငွေအတိုင်း ချိန်ပြောပါ။ သူတို့ထက် ဝင်ငွေပိုကောင်းရင်တောင် အတိအကျ မပြောဘဲ လျှော့ပြောပါ။ တခြားသူ တယောက်ယောက်က သူတို့နဲ့ သင့်ဝင်ငွေ ဘယ်လောက်ကွာဟလဲ စုံစမ်းရင်တောင်မှ သင့်ဘက်က နှုတ်လုံပါစေ။
ငွေကြေးချမ်းသာသူတွေကို ကြည့်လိုက်ပါ။ သူတို့ဝင်ငွေ ဘယ်လောက်ရှိတယ်ဆိုတာ ထုတ်ဖော်ပြောဆိုတာမျိုး သင်မြင်ဖူးပါသလား။ သူတို့တွေဟာ ဝင်ငွေနဲ့ပတ်သက်ပြီး နှုတ်လုံရမယ်ဆိုတာ နားလည်သလို၊ ဝင်ငွေကို တခြားသူ မသိအောင်နေခြင်းရဲ့ အကျိုးကျေးဇူးတွေကို နားလည်ထားကြပါတယ်။
Ref: Financial Samurai
You may also like these stories:
တပတ်ကို ၂ရက်ခန့် ဆုံတွေ့လေ့ရှိတဲ့ အတွဲများက ပိုပြီးခိုင်မာလေ့ရှိဟု စိတ်ပညာရှင်များပြော
ပလတ်စတစ်ဘူးတွေအစား Recycle ဘူးတွေ ပြောင်းလိုက်တဲ့ Colgate သွားတိုက်ဆေး
သင်သတိမထားမိတဲ့ အရိုးအဆစ်တွေကို ထိခိုက်စေနိုင်တဲ့ အပြုအမူများ