လပေါင်းများစွာ တောမီးလောင်မှု ဖြစ်ပွားပြီးနောက် သြစတြေးလျနိုင်ငံရဲ့ အရှေ့ဘက် ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသက်မုန်တိုင်းများ ကျရောက်ခဲ့မှုကြောင့် ရေကြီးမှုအန္တရာယ် ရှိနေတယ်လို့ သိရပါတယ်။
ရာသီဥတုအခြေအနေ ဆိုးရွားမှုကြောင့် Queensland ပြည်နယ်တွင်းက အဓိက လမ်းမကြီးတွေကို ပိတ်ထားရပြီး New South Wales ပြည်နယ်အတွင်းမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကတော့ လျော့နည်းသွားပြီဆိုပေမယ့် ယခု သတင်းပတ်ကုန်အထိ မိုးသက်မုန်တိုင်းနဲ့ မိုးရွာသွန်းမှုတွေ ဖြစ်နိုင်သေးကြောင်းကို Queensland ပြည်နယ် မိုးလေဝသဌာနရဲ့ တွစ်တာလူမှုကွန်ရက် စာမျက်နှာမှာတင်ထားပြီး ရေကြီးနေတဲ့ လမ်းမတွေကို အသုံးမပြုကြဖို့ မှာကြားထားပါတယ်။
တောမီးလောင်မှုကို အဆိုးဆုံးကြုံခဲ့ရတဲ့ New South Wales ပြည်နယ်ရဲ့ နေရာအချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အပူချိန်လျော့နည်းခဲ့ပြီး မီးလောင်မှုတွေ လျော့နည်းခဲ့ပါတယ်။ မိုးရွာသွန်းမှုကြောင့် ရေကြီးမှုအန္တရာယ်ကို စိုးရိမ်နေရပြီး မိုးရွာသွန်းမှု ရှိနေပေမယ့် သားပိုက်ကောင်ကျွန်းအပါအဝင် နိုင်ငံတောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့မှာ တောမီးလောင်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Ref. nbcnews
You may also like these stories:
မုတ်သုံလေလျော့၍ မိုးရွာသွန်းမှု လျော့ကျနိုင်ဟု မိုးဇလပြော
ထိုင်းနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေယာဉ်ခရီးစဉ်တချို့ နောက်ကျခဲ့ရ
မြစ်ရေ မြင့်တက်၍ ငပုတော၌ အိမ်ခြေ ၁၆၀ ကျော် နစ်မြုပ်