Trend

အခြားရွေးချယ်စရာ လမ်းမရှိဘူးလို့ တော်ဝင်မင်းသား ဟယ်ရီ ပြော

ဗြိတိန်တော်ဝင် မင်းသားတဦးဖြစ်တဲ့ မင်းသား ဟယ်ရီနဲ့ ဇနီးဖြစ်သူ မီဂန်တို့ဟာ တော်ဝင်ထီးနန်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ သူတို့ဟာ ဘုရင်မကို ကိုယ်စားပြုခြင်းနဲ့ တော်ဝင်မိသားစုအဖြစ် နေထိုင်ခြင်းတွေကနေ ရပ်တန့်တော့မှာ ဖြစ်တယ်လို့ တနင်္ဂနွေနေ့က လန်ဒန်မှာ ပြုလုပ်တဲ့ ပရဟိတပွဲတပွဲမှာ ပြောဆိုခဲ့ပါတယ်။

“ကျနော်က ဗြိတိန်ကို ချစ်ပါတယ်။ ဗြိတိန်ဟာ ကျနော့်ရဲ့ ထာဝရအိမ်ပါပဲ။ ကျနော် ဒီဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ ချခဲ့တာ မဟုတ်ပါဘူး။ အချိန်တွေ အကြာကြီး ပြောဆိုဆွေးနွေးမှုတွေ လုပ်ပြီး နှစ်နဲ့ချီ အခက်အခဲတွေကို ဖြတ်သန်းခဲ့ရတာပါ။ ကျနော့်ရဲ့ စိတ်ကူးက ဘုရင်မကြီးထံမှာ ဆက်ပြီး အမှုတော်ထမ်းဖို့နဲ့ ပြည်သူ့ဘဏ္ဍာကို မယူဘဲ နေဖို့ ဖြစ်ပါတယ်။ ကံဆိုးစွာနဲ့ပဲ အဲဒါက မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အခုလို ဆုံးဖြတ်ခဲ့ရတာပါ”လို့ သူက ပြောပါတယ်။

တော်ဝင်မင်းသားနဲ့ ဇနီးဖြစ်သူ မီဂန်တို့ဟာ တော်ဝင်မိသားစုက နုတ်ထွက်တော့မှာဖြစ်ကြောင်းကို ယခုလ အစောပိုင်းမှာ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ကြေညာခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အင်္ဂလန်နဲ့ မြောက်အမေရိကမှာ တလှည့်စီ နေထိုင်လေ့ရှိပြီး အခုအချိန်မှာတော့ ငွေကြေးအရ အမှီအခိုကင်းသူတွေ ဖြစ်ချင်တာကြောင့် တော်ဝင်မိသားစုက နုတ်ထွက်ဖို့ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

တော်ဝင်မိသားစုက ထွက်ခွာဖို့ စီစဉ်ပြီးနောက်မှာတော့ မင်းသား ဟယ်ရီနဲ့ ဇနီးဖြစ်သူ မီဂန်တို့ဟာ သူတို့ရဲ့ အိမ်ဖြစ်တဲ့ Frogmore Cottage ကို ပြုပြင်ဖို့ သုံးစွဲထားခဲ့တဲ့ ဗြိတိန်အခွန်ထမ်းပြည်သူတွေရဲ့ ဘဏ္ဍာငွေ ပေါင်စတာလင် ၂ ဒဿမ ၄သန်းကို ပြန်လည် ပေးဆပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Frogmore Cottage စံအိမ်ကတော့ သူတို့ရဲ့ ဗြိတိန် မိသားစုအိမ်အဖြစ် ဆက်လက် တည်ရှိနေမှာ ဖြစ်တယ်လို့ နန်းတော်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဟယ်ရီနဲ့ မီဂန်တို့ရဲ့ အနာဂတ် အစီအစဉ်နဲ့ ပတ်သက်ပြီး ဘုရင်မကြီး အဲလိဇဘတ်နဲ့ တော်ဝင်မိသားစုတို့ အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးနောက် တော်ဝင်မိသားစုမှ ထွက်ခွာဖို့ ခွင့်ပြုချက်ကို ဇန်နဝါရီလ ၁၈ ရက်နေ့က ရရှိခဲ့တာဖြစ်ပါတယ်။

နန်းတော်ရဲ့ ထုတ်ပြန်ချက်အရ မင်းသား ဟယ်ရီနဲ့ ဇနီးဖြစ်သူ မီဂန်တို့နဲ့ ပတ်သက်တဲ့ အစီအစဉ်သစ်တွေဟာ ယခုနှစ် နွေဦးပိုင်းမှာ စတင်သက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref. BBC

You may also like these stories:

တော်ဝင်မိသားစုရဲ့ အကွဲအပြဲ ဇာတ်လမ်းတွေဖြစ်နေချိန် ပထမဆုံးအကြိမ် လူလုံးပြလာတဲ့ မီဂန်

ဗြိတိန်ထီးနန်းနဲ့ ဝေးရာမှာနေတော့မယ့် တော်ဝင်မင်းသားဟယ်ရီနဲ့ မီဂန်မာကယ်

တော်ဝင်မိသားစုမှ မင်းသား ဟယ်ရီ နုတ်ထွက်မယ့်ကိစ္စ မိသားစု အစည်းအဝေး ပြုလုပ်မည်

Loading