သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုဒဏ်ကို လူတွေ ခံစားနေခဲ့ရတာ ကြာပါပြီ။ ရာသီဥတု ပြောင်းလဲမှုက နေရာတနေရာမှာ ကွက်ပြီး ဖြစ်ပျက်နေတာမျိုး မဟုတ်ဘဲ တကမ္ဘာလုံး အတိုင်းအတာနဲ့ ဖြစ်ပျက်နေတာပါ။ ကမ္ဘာ့အနှံ့မှာလည်း တောမီး အကြီးအကျယ် လောင်နေတာ၊ ရေကြီးရေလျှံ ဖြစ်နေတာ၊ နှင်းခဲပျော်ကျတာ စတာတွေကို ကြုံတွေ့နေရပါတယ်။
ပင်လယ်ရေ မြင့်တက်လာမှုကြောင့် အင်ဒိုနီးရှားနိုင်ငံ ဆူမတြာတောင်ပိုင်းမှာရှိတဲ့ ကျွန်း ၂ ကျွန်း ကွယ်ပျောက်သွားခဲ့ရတယ်လို့ အင်ဒိုနီးရှား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဖိုရမ်က ကြေညာခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ပင်လယ်ရေ မြင့်တက်မှုကြောင့် ကျွန်း ၂ ကျွန်း ဆုံးရံှူးခဲ့ရသလို နောက်ထပ် ကျွန်း ၄ ကျွန်းလည်း ပျောက်ကွယ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ပျောက်ကွယ်သွားတဲ့ ကျွန်းတွေက Betet ကျွန်းနဲ့ Gundul ကျွန်းတွေ ဖြစ်ကြပြီး Betet ကျွန်းက ပင်လယ်ရေအောက် ၁ မီတာ (၃ ပေ) အောက်၊ Gundul ကျွန်းက ပင်လယ်ရေအောက် ၃ မီတာ (၁၀ ပေ) အောက် နစ်မြှုပ်ခဲ့ပါတယ်။ ပျောက်ကွယ်သွားတဲ့ကျွန်း ၂ ကျွန်းစလုံးမှာ လူနေထိုင်မှုတော့ မရှိပါဘူး။
Betet ကျွန်းကတော့ Berbak-Sembilang အမျိုးသားဥယျာဉ်ရဲ့ အစိတ်အပိုင်း တခုပါ။ ၂၀၁၈ ခုနှစ်မှာတော့ ယူနက်စကိုက Berbak-Sembilang အမျိုးသားဥယျာဉ်ကို ကမ္ဘာ့သက်ရှိ သက်မဲ့မျိုးစိတ်တွေ သီးသန့်နေထိုင် ရှင်သန်ရာ နေရာတနေရာအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ဒီအမျိုးသားဥယျာဉ်ကြီးမှာတော့ သက်ရှိသက်မဲ့ မျိုးစိတ်ကွဲပေါင်းများစွာအပြင် ဆူမတြာကျားတွေ နေထိုင် ကျက်စားရာနေရာလည်း ဖြစ်ပါတယ်။
အခုလို ပင်လယ်ရေ မြင့်တက်လာမှုဟာ အင်ဒိုနီးရှားနိုင်ငံအတွက် ခြိမ်းခြောက်မှုတခု ဖြစ်လာနေပါတယ်။ ကျွန်းပေါင်း ၁၇၀၀၀ နီးပါးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ကမ်းရိုးတန်းဒေသတွေမှာ လူပေါင်း သန်းနဲ့ချီပြီး နေထိုင်ကြပါတယ်။ တကယ်လို့သာ ပင်လယ်ရေမျက်နှာပြင် ဆက်လက် မြင့်တက်နေမယ်ဆိုရင် ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်ကြတဲ့ လူသန်းများစွာရဲ့ အသက်အိုးအိမ်တွေက အန္တရာယ် ရှိနေပါတယ်။
Ref: electrek.co
You may also like these stories:
Keto Diet ပြုလုပ်ခြင်းကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုးများ
အီတလီနိုင်ငံတောင်ပိုင်းက မြို့ငယ်လေးမှာ နေအိမ် တလုံးကို ၁ ယူရိုနဲ့ ရောင်းချ