Trend

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူကို ဟောင်ကောင်မှာ ပထမဆုံးအကြိမ် တွေ့ရှိ

လက်ရှိ ကူးစက်ပြန့်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူတဦးကို ဟောင်ကောင်မှာ ပထမဆုံးအကြိမ် တွေ့ရှိခဲ့တယ်လို့ ဇန်နဝါရီ ၂၂ ရက်နေ့က ကြေညာလိုက်ပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ပြန့်ပွားခဲ့တဲ့ အဆိုပါ ဗိုင်းရပ်စ်ဟာ လက်ရှိမှာတော့ နိုင်ငံတော်တော်များများမှာ ကူးစက်ခံရသူတွေ တွေ့ရှိခဲ့ထားပြီး ဟောင်ကောင်မှာတော့ ပထမဆုံးအကြိမ် တွေ့ရှိခဲ့တာလို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံအတွင်းက မြို့ကြီးတွေဖြစ်တဲ့ ဘေကျင်း၊ ရှန်ဟိုင်းနဲ့ မက္ကာအိုမြို့တွေအပြင် ပြည်ပနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ တောင်ကိုရီးယား၊ ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံထိပါ ကူးစက်ခံရသူတွေ တွေ့ရှိထားပါတယ်။

ဟောင်ကောင်မှာ တွေ့ရှိခဲ့တဲ့ ကူးစက်ခံလူနာကတော့ တရုတ်ပြည်မကြီးကနေ အမြန်ရထားနဲ့ ရောက်လာခဲ့သူ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ Queen Elizabeth ဆေးရုံမှာ သီးသန့် ထားရှိထားပါတယ်။ လူနာနဲ့ ပတ်သက်တဲ့ အသေးစိတ် အကြောင်းရာတွေကိုတော့ တာဝန်ရှိသူတွေက ဒီနေ့ညမှာ ထုတ်ပြန်ကြေညာသွားမှာပါ။

ကူးစက်ခံလူနာကို စောင့်ကြည့်နေပြီး သူသွားရောက်ခဲ့တဲ့ နေရာတွေကိုပါ မှတ်တမ်းတင် လေ့လာနေပါတယ်။ ဟောင်ကောင်ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို စောင့်ကြည့်ဖို့အတွက် လေယာဉ်ကွင်းနဲ့ အမြန် ရထားဘူတာတွေမှာ ကိုယ်အပူချိန်တိုင်းစက်တွေ ထားရှိထားတဲ့အပြင် လေယာဉ်နဲ့လာတဲ့ ဧည့်သည်တိုင်းကလည်း ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် မှတ်တမ်းတွေကို ဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ်။

ကူးစက်ခံရသူတွေကို ထားရှိဖို့အတွက် ကုတင် ၅၀၀ အဆင်သင့် ထားရှိထားပြီး လိုအပ်ပါက ထပ်မံတိုးချဲ့နိုင်အောင် စီစဉ်ထားပါတယ်။ ဟောင်ကောင်ဟာ ၂၀၀၃ ခုနှစ်မှာ ကမ္ဘာတဝန်းပြန့်နှံ့ခဲ့တဲ့ ဆားစ်ရောဂါ ဗိုင်းရပ်စ်ဒဏ်ကို ခံစားခဲ့ရတဲ့အပြင် H5N1 ကြက်ငှက်တုပ်ကွေးရောဂါကိုလည်း ဆယ်စုနှစ်တခုကြာအောင် ရင်ဆိုင်ခဲ့ရပါတယ်။

WHO ရဲ့ ထုတ်ပြန်ချက်အရ ဟောင်ကောင်မှာ ဆားစ်ရောဂါ ၁,၇၅၅ ယောက်ကူးစက်ခံခဲ့ရပြီး ၂၉၉ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း ဟောင်ကောင်မှာ နေထိုင်ကြသူတွေဟာ ပြန့်နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် Surgical Mask တွေ တပ်ဆင်ကြတဲ့အပြင် ရှောပင်းမောလ်လို လူထူထပ်တဲ့နေရာတွေမှာ လက်သန့်ဆေးရည်တွေ ထားရှိပြီး ကွန်ဒိုမီနီယံနဲ့ လူနေ အဆောက်အဦတွေရဲ့ ဓာတ်လှေကားနဲ့ လှေကား လက်ရမ်းတွေကို တနေ့ အကြိမ်ပေါင်းများစွာ သန့်စင်နေကြပါတယ်။

Ref: CNA

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ခရီးသွားများကို ကမ္ဘောဒီးယားအစိုးရ အထူး စောင့်ကြည့်မည်

ပင်လယ်ရေ မြင့်တက်လာမှုကြောင့် အင်ဒိုနီးရှားနိုင်ငံက ကျွန်း ၂ ကျွန်း ကွယ်ပျောက်

Keto Diet ပြုလုပ်ခြင်းကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုးများ

Loading