တနေ့တာကို လန်းလန်းဆန်းဆန်းနဲ့ တက်တက်ကြွကြွ ဖြတ်သန်းနိုင်အောင် အိပ်ရာကနေ နိုးနိုးချင်းအချိန် မနက်ခင်းအစတွေဟာ အရေးကြီးပါတယ်။ တနေ့တာ လုပ်ငန်းခွင်ဝင်ချိန်တွေမှာ စိတ်ကြည်ကြည်လင်လင်နဲ့ အားအင်ရှိရှိ ဖြတ်သန်းနိုင်ဖို့ အခုပြောပြပေးမယ့် အမူအကျင့်တွေကို ပြုလုပ်ပေးသင့်ပါတယ်။
(၁) အိပ်ရာက နိုးနိုးချင်း ရေသောက်ပါ
တညတာလုံး အိပ်စက်ထားတဲ့အတွက် သင့်ခန္ဓာကိုယ်ဟာ ရေဓာတ် အနည်းနဲ့ အများဆိုသလို လိုအပ်နေမှာဖြစ်ပြီး အိပ်ရာနိုးနိုးချင်းမှာ ရေတဖန်ခွက်ခန့် သောက်သုံးပေးခြင်းဟာ အိပ်ချင်စိတ်ကို ပြေပျောက်ပြီး လန်းဆန်းလာစေနိုင်မှာ ဖြစ်သလို တနေ့တာလုံးအတွက် သင့်အစာအိမ်ရဲ့ အစာချေဖျက်ခြင်း စနစ်ကလည်း အဆင်သင့်ဖြစ်နေမှာ ဖြစ်ပါတယ်။
(၂) မနက်ခင်းမှာ ရေချိုးပါ
မနက်စောစောမှာ ရေချိုးခြင်းဟာ ခန္ဓာကိုယ် သွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်မှာ ဖြစ်သလို စိတ်ကိုကြည်လင်လန်းဆန်းစေမှာဖြစ်ပြီး တနေ့တာကို တက်တက်ကြွကြွနဲ့ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။
(၃) မနက်စာကို မဖြစ်မနေ စားပါ
ဘယ်လောက်ပဲ အရေးကြီး အလျင်လိုနေပါစေ၊ မနက်စာကို မဖြစ်မနေ စားပေးခြင်းဟာ တနေ့တာအတွက် ခန္ဓာကိုယ်က လိုအပ်တဲ့ အားအင်တွေကို ဖြည့်တင်းပေးနိုင်မှာ ဖြစ်သလို လန်းလန်းဆန်းဆန်းနဲ့ ဖြတ်သန်းနိုင်မှာလည်း ဖြစ်ပါတယ်။
(၄) ကော်ဖီသောက်ပါ
ကော်ဖီဟာ စိတ်ဖိစီးမှုနဲ့ ထိုင်းမှိုင်း လေးလံနေတာတွေကို လျှော့ချပေးနိုင်မှာ ဖြစ်သလို မနက်ခင်းမှာ မနက်စာစားရင်း ကော်ဖီတခွက် သောက်သုံးပေးခြင်းဟာ တနေ့တာကို သက်သောင့်သက်သာနဲ့ ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။
(၅) မနက်ခင်း နေရောင်ခြည်နဲ့ ထိတွေ့ပါ
နေရောင်ခြည်ကနေ ရတဲ့ ဗီတာမင်ဒီဓာတ်ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်တမျိုးဖြစ်ပြီး မနက်ခင်း နေရောင်ခြည်နွေးနွေးဟာ သင့်တနေ့တာကို လန်းလန်းဆန်းဆန်း ဖြတ်ကျော်နိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ။
Ref. www.nbcnews.com
You may also like these stories:
လေထုအရည်အသွေး ကျဆင်းမှုကြောင့် ထိုင်းနိုင်ငံမှာ ကျောင်းပေါင်း ၄၅၀ နီးပါး ပိတ်ထား
Bubble Tea ထဲက Boba အလုံး အူထဲပိတ်နေလို့ ဆေးရုံတက်ခဲ့ရတဲ့ ကောင်လေး