ဟောင်ကောင်က နာမည်ကျော် Disneyland နဲ့ Ocean Park ကို ဇန်နဝါရီ ၂၅ ရက်နေ့ကစလို့ ပိတ်မယ့် အကြောင်း တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားလာမှာကို တားဆီးတဲ့အနေနဲ့ အခုလို ပိတ်လိုက်ရတာလို့ ဆိုပါတယ်။
Disneyland နဲ့ Ocean Park ကို ပိတ်လိုက်ပေမယ့် အထဲမှာရှိတဲ့ ဟိုတယ်တွေကတော့ ဆက်လက် ဖွင့်ထားဆဲပါ။ တရုတ်နိုင်ငံမှာလည်း ကမ္ဘာ့လှည့်ခရီးသည်အများဆုံး လာရောက် လည်ပတ်ကြတဲ့ The Great Wall နဲ့ ဘေဂျင်းမြို့က Forbidden City တို့ကိုလည်း သွားရောက် လည်ပတ်ခွင့် ပိတ်ထားပါသေးတယ်။
ဒါ့အပြင် ဘေဂျင်းမှာရှိတဲ့ စည်ကားတဲ့ ဘုရားကျောင်း ၂ ကျောင်းကိုလည်း ပိတ်ထားတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ အိုလံပစ်ပြိုင်ပွဲအတွက် အမျိုးသမီး ဘောလုံးခြေစစ်ပွဲကို ဖေဖော်ဝါရီ ၃ ရက်နေ့ကနေ ၉ ရက်နေ့အထိ ဝူဟန်မြို့မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် နန်ဂျင်းမြို့ကို ပြောင်းရွှေ့ထားပါတယ်။
အဆိုပါ အပန်းဖြေနေရာတွေဟာ သောကြာနေ့မှ စတင်ကာ တပတ်ကြာ ကျင်းပမယ့် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်အချိန်တွေမှာ ခရီးသွားဧည့်သည် အများဆုံး လာရောက်ရာ နေရာတွေလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ဇန်နဝါရီ ၂၅ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁,၉၇၅ ဦးရှိပြီး သေဆုံးသူ ၅၆ ဦးထိ ရှိပြီလို့ တရားဝင် ကြေညာထားပါတယ်။ အဆိုပါ ဗိုင်းရပ်စ်ဟာ Hubei မှာရှိတဲ့ ဝူဟန်မြို့ကနေ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ စတင်ကူးစက်လာတာဖြစ်ပြီး အခုချိန်မှာတော့ တခြားမြို့ကြီးတွေဖြစ်တဲ့ ဘေဂျင်း၊ ရှန်ဟိုင်းမြို့တွေမှာပါ ကူးစက်ခံရသူတွေ တွေ့နေရပါတယ်။
တရုတ်နိုင်ငံ ပြည်တွင်းသာမက အမေရိကန်၊ ထိုင်း၊ တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ပြင်သစ်၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတွေမှာပါ ကူးစက်ခံရသူတွေ ရှိနေပြီလို့ ထုတ်ပြန်ကြေညာထားပါတယ်။ ရှန်ဟိုင်းမြို့ကြီးမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူထဲက ပထမဆုံးအကြိမ် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အယောက် ၄၀ ကျော် ကူးစက်ခံထားရတဲ့ထဲက အသက် ၈၈ နှစ်အရွယ် အဘိုးအိုဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရတာပါ။ ဒါဟာ ရှန်ဟိုင်းမြို့ပေါ်မှာ ပထဆုံး သေဆုံးမှုဖြစ်ပြီး အဘိုးအိုမှာ အရင်ကတည်းက ရောဂါအခံတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
Hubei မှာ ကူးစက်ပြန့်နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို တားဆီး ဟန့်တားဖို့အတွက် စစ်ဘက်ဆိုင်ရာ ဆရာဝန် ၄၀၀ ကျော်ကိုပါ ကူညီဖို့အတွက် စေလွှတ်ထားပြီး ရောဂါသည်တွေကို ကုသဖို့အတွက် ဆေးရုံကိုလည်း အချိန်တိုအတွင်း ဆောက်လုပ်နေပြီလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
Ref: CNA