အင်္ဂလန်နိုင်ငံသားတဦးဖြစ်ပြီး ဟောလိဝုဒ် အစီအစဉ် တင်ဆက်သူတွေကြားမှာ တမူထူးခြားတဲ့ အစီအစဉ်တွေနဲ့ တင်ဆက်လေ့ရှိသူဖြစ်လို့ ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာ ရထားတဲ့ James Corden ဟာ ပရိသတ်ကို လိမ်ညာနေတယ်ဆိုတဲ့ စွပ်စွဲမှုကို ခံထားရပါတယ်။
အကြောင်းအရင်းကတော့ James ရဲ့ အအောင်မြင်ဆုံး အစီအစဉ်ဖြစ်တဲ့ “Carpool Karaoke” ရိုက်ကူးရာမှာ James ဟာ ကားကို ကိုယ်တိုင် မမောင်းဘဲ အရှေ့ကနေ ကားတစီးနဲ့ ဆွဲသွားတာကိုသာခံရင်း အစီအစဉ် ရိုက်ကူးနေတဲ့ ဗီဒီယိုဖိုင်တခု ပျံ့နှံ့ရာက စတင်တာ ဖြစ်ပါတယ်။
“Carpool Karaoke” အစီအစဉ်ဟာ ကမ္ဘာကျော် အဆိုတော်များကို တင်ပြီး ကားပတ်မောင်းတဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။ အစီအစဉ် တင်ဆက်သူ James ဟာ အဆိုတော်များနဲ့ အတူ သီချင်းတိုင်းကို လိုက်ဆိုပြီး အင်တာဗျူးတွေ ပြုလုပ်လေ့ ရှိတာကြောင့် ပရိသတ် အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
အခုလို ကားကိုဆွဲပြီး မောင်းတဲ့ ဗီဒီယိုကို လူမှုကွန်ရက် စာမျက်နှာမှာ ကြည့်ရှုသူ ၁၂ သန်းကျော် ရှိခဲ့ပြီး ပရိသတ်များက မကျေနပ် ဖြစ်နေကြပါတယ်။ လူမှုကွန်ရက် အသုံးပြုသူတဦးက “ငါ့ဘဝတခုလုံးက အလိမ်အညာတွေနဲ့ ပြည့်နေတာပဲ” ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။
ပရိသတ် အချို့ကတော့ အရင်က “Carpool Karaoke” ရိုက်တာကို မြင်ဖူးကြောင်းနဲ့ အဲဒီအချိန်တုန်းက James ဟာ ကိုယ်တိုင် ကားမောင်းပြီးသာ ရိုက်ကူးတာဖြစ်ကြောင်း ပြန်လည် ပြောဆိုထားတာတွေကိုလည်း တွေ့ရပါတယ်။ ပျံ့နှံ့နေတဲ့ ဗီဒီယိုထဲမှာ အစီအစဉ်တင်ဆက်သူ James ဟာ Justin Bieber နဲ့ အတူ “Carpool Karaoke” ကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။
Ref. CNN
You may also like these stories:
ဗီယက်နမ်စစ်ပွဲ နောက်ခံရုပ်ရှင်မှာ ပါဝင်လာမယ့် ကွယ်လွန်သူ မင်းသား James Dean