တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာစတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဒီကနေ့မှာတော့ နိုင်ငံတော်တော်များများကို ကူးစက်နေတာ တွေ့ရပါတယ်။ ဒီဗိုင်းရပ်စ်ဟာ နောက်ထပ် နိုင်ငံဘယ်လောက်ထိ ကူးစက်မယ်ဆိုတာတော့ မသိသေးပါဘူး။ ဒီဗိုင်းရပ်စ်ကြောင့်လည်း တရုတ်နိုင်ငံက မြို့တော်တော်များများကို ခရီးသွားလာခွင့် ပိတ်ပင်ထားပါတယ်။
သတင်းဌာနတွေရဲ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက် ၈၀ ရှိသွားခဲ့ပြီး ရောဂါကူးစက်ခံနေရသူ အရေအတွက် ၂၇၀၀ ရှိသွားပြီလို့ သိရပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာဆိုရင်တော့ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံတွေမှာ ရောဂါကူးစက်ခံထားရသူတွေကို တွေ့ရှိထားပြီး မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံမှာ ကူးစက်ခံထားရသူ မရှိသေးဘူးလို့ ဆိုပါတယ်။
စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၄ ယောက် ရှိပြီး ထိုင်းနိုင်ငံမှာ ၈ ယောက်၊ မလေးရှားနိုင်ငံမှာ ၃ ယောက်၊ ဗီယက်နမ်နိုင်ငံမှာ ၂ ယောက် ရောဂါကူးစက်ခံထားရတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ မကာအိုမြို့က လူ ၂ ယောက်ကို ကူးစက်ခဲ့သလို ဟောင်ကောင်က လူ ၂ ယောက်ကိုလည်း ကူးစက်ခဲ့ပါတယ်။ ရောဂါ ကူးစက်ခံနေရသူ အများစုက ဝူဟန်မြို့ကို အလည်အပတ်သွားရောက်ပြီး ပြန်လာကြသူတွေပါ။
ဇန်နဝါရီ ၁၆ ရက်နေ့မှာတော့ ဝူဟန်မြို့ကို သွားရောက် လည်ပတ်ပြီး ပြန်လာခဲ့တဲ့ တရုတ်အမျိုးသား တယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း ဂျပန်အစိုးရက ကြေညာခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ ဆေးရုံမှာ စနစ်တကျ ဆေးကုသမှုခံယူပြီးတဲ့နောက် ရောဂါ ပျောက်ကင်းခဲ့ပါတယ်။
အခုဆိုရင် ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ၂ ယောက်ရှိသွားပြီလို့ သိရပါတယ်။ အဲဒီ အမျိုးသားကလည်း ဝူဟန်မြို့ကို သွားရောက် လည်ပတ်ခဲ့သူ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း တောင်ကိုရီးယားနိုင်ငံက ကြေညာခဲ့ပါတယ်။ ဇန်နဝါရီ ၂၂ ရက်နေ့မှာတော့ အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ ထိုင်ဝမ်နိုင်ငံသူ အမျိုးသမီးတဦး ရောဂါကူးစက်ခံခဲ့ရကြောင်း ထိုင်ဝမ် အစိုးရက ကြေညာခဲ့ပါတယ်။
ဇန်နဝါရီ ၂၄ ရက်မှာတော့ ပြင်သစ်နိုင်ငံသားတယောက် ဗိုင်းရပ်စ်ကူး စက်ခံခဲ့ရကြောင်း ပြင်သစ်အစိုးရကြေညာခဲ့ပါတယ်။ အလားတူ နီပေါအစိုးရကလည်း ဇန်နဝါရီ ၂၄ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ တယောက်တွေ့ရှိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ကတော့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ တရုတ်နိုင်ငံကနေ လာရောက် လည်ပတ်တဲ့ အသက် ၇၄ နှစ်အရွယ် တရုတ် အမျိုးသမီးတယောက်ကို သုဝဏ္ဏဘူမိလေဆိပ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပြီး ဒီကနေ့ထိ ထိုင်းနိုင်ငံမှာ ရောဂါကူးစက်ခံထားရသူ ၈ ယောက်ရှိပြီလို့ သိရပါတယ်။
ဇန်နဝါရီ ၂၁ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ ဆီယက်တယ်မြို့အနီးမှာ နေထိုင်တဲ့ အသက် ၃၀ နှစ်အရွယ် အမျိုးသားတယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အမေရိကန်ပြည်ထောင်စုက ကြေညာခဲ့ပါတယ်။ ဇန်နဝါရီ ၁၃ ရက်နေ့မှာလည်း ဝူဟန်မြို့က ပြန်လာတဲ့ ဗီယက်နမ် နိုင်ငံသား ၁ ယောက် ရောဂါကူးစက်ခံခဲ့ရပြီး အခုဆိုရင်တော့ ဗီယက်နမ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂ ယောက်ရှိသွားပြီလို့ သိရပါတယ်။
ဇန်နဝါရီ ၂၅ ရက်နေ့မှာတော့ တရုတ်နိုင်ငံကနေ မလေးရှားနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ တရုတ်နိုင်ငံသား ၃ ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း တွေ့ရှိခဲ့ပါတယ်။ ရောဂါကူး စက်ခံထားရသူတွေကတော့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတယောက်နဲ့ အသက် ၂ နှစ် နဲ့ ၁၁ နှစ်အရွယ် သူ့ရဲ့မြေးတွေလို့ ဆိုပါတယ်။ ကလေးတွေရဲ့မိခင်ဖြစ်သူကို စစ်ဆေးရာမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံထားရဘူးလို့လည်း သိရပါတယ်။
စင်ကာပူနိုင်ငံမှာတော့ ဇန်နဝါရီ ၂၂ ရက်နေ့မှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ တွေ့ရှိကြောင်း သိရပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း ရေးသားနေတာတွေ ရှိပေမယ့် ဆော်ဒီကျန်းမာရေးဝန်ကြီးဖြစ်သူ Tawfiq Al-Rabiah ကတော့ ဆော်ဒီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ မရှိဘူးလို့ ပြောထားပါတယ်။
တရုတ်နိုင်ငံအပြင် အခုအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့နေရာတွေကတော့ ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအို၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ ဂျပန်၊ စင်ကာပူ၊ အမေရိကန်၊ ပြင်သစ်၊ နီပေါနိုင်ငံတို့ပါပဲ။ ရောဂါကူးစက်ခံထားရသူ အများစုကတော့ ဝူဟန်မြို့နဲ့ ပတ်သက်ခဲ့ကြသူတွေသာ များပါတယ်။
Ref: nst, arabnews
You may also like these stories:
ကင်ဆာဆေး သွင်းနေတာ ၇ ကြိမ်ရှိပြီ ဖြစ်တဲ့ ဒါရိုက်တာ မိုက်တီး
ခွဲစိတ်ကုသပြီးတဲ့ ကလေးတွေရဲ့ ဒဏ်ရာမှာ အရုပ်လေးတွေ ကပ်ပေးတဲ့ ဆရာဝန်
ကိုရိုနာဗိုင်းရပ်စ်နဲ့ အိန္ဒိယ – မြန်မာ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ ကူးစက်မြန် ရောဂါဆန်း