အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် သြစတြေးလျနိုင်ငံရဲ့ အမျိုးသားကိတ်မုန့်ဖြစ်တဲ့ Lamington စားပြိုင်ပွဲမှာ အခုလို မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။ Lamington ကိတ်မုန့်ဟာ လေးထောင့်ပုံ ချိစ်ကိတ်ဖြစ်ပြီး ချောကလက် တလွှာအုပ်ထားကာ အပေါ်ကနေ အုန်းသီးမှုန့်ဖြူးထားတဲ့ မုန့်အမျိုးအစားပါ။
Queensland, Hervey Bay ကနေ လာရောက်ယှဉ်ပြိုင်တဲ့ အသက် ၆၀ အရွယ် အမျိုးသမီးဟာ Beach House Hotel မှာ ကျင်းပတဲ့ အဆိုပါပွဲမှာ ပါဝင်ခဲ့တာပါ။ ယှဉ်ပြိုင်သူအားလုံးအတွက် ခုံတန်းရှည်ကြီးပေါ်မှာ ကိတ်မုန့်ရယ်၊ ရေတခွက်ပေးထားပြီး ဘေးနားမှာလည်း အားပေးသူတွေနဲ့ ပြည့်နေခဲ့တာပါ။
မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ Lamington ကိတ်မုန့်တွေကို ပါးစပ်ထဲ ပြွတ်သိပ်နေအောင် ထည့်ခဲ့တာကြောင့် အသက်ရှုပိတ် သေဆုံးသွားတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဖြစ်ဖြစ်ချင်း ဟိုတယ် တာဝန်ရှိသူတွေနဲ့ အစောင့်တွေ ရောက်လာပြီး အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်ပေးခဲ့သလို Harvey Bay မှာရှိတဲ့ ဆေးရုံကို အချိန်မီ ပို့ပေးခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဟိုတယ်က စီမံခန့်ခွဲရေးအဖွဲ့တွေကလည်း သြစတြေးလျနိုင်ငံရဲ့ အမျိုးသားနေ့မှာ အခုလို ဝမ်းနည်းဖွယ်ရာဖြစ်ရပ် ဖြစ်သွားခဲ့တဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းရကြောင်းကို ဆိုရှယ်မီဒီယာက တဆင့်ပါ ရေးသားခဲ့ပါတယ်။ ဟိုတယ် ဝန်ထမ်းတွေကိုလည်း ကျွမ်းကျင်စွာ ကယ်ဆယ်ရေးတွေ လုပ်ပေးခဲ့တာကိုလည်း ကျေးဇူးတင်ကြောင်း ပြန်လည် ရေးသားကြပါတယ်။
အစားအသောက်ပြိုင်ပွဲတွေဟာ သြစတြေးလျနိုင်ငံ အမျိုးသားနေ့မှာ ကျင်းပလေ့ရှိကြပြီး အထူးသဖြင့် ကိတ်မုန့်၊ Pies ၊ ဟော့ဒေါ့နဲ့ တခြား အစားအစာတွေကို သတ်မှတ်ချိန်အတွင်း အမြန်ဆုံးကုန်အောင် စားရတဲ့ပွဲတွေကို ပြိုင်ကြရတာပါ။
Ref: editon.cnn