ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုစံချိန်ကို နေ့စဉ်ပုံမှန်တင်ပေးနေတဲ့ Air Quality Yangon ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတဲ့ အချက်အလက်တွေ အရ ဒီနေ့၊ ဇန်နဝါရီ ၃၀ ရက်နေ့ မနက် ၉ နာရီမှာ ရန်ကုန်မြို့ရဲ့ လေထုအခြေအနေဟာ ခရမ်းရောင်အဆင့်မှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ လေထုညစ်ညမ်းမှု ခရမ်းရောင်အဆင့် ဖြစ်ပေါ်နေခြင်းဟာ လူတိုင်းရဲ့ ကျန်းမာရေးမှာ ပြဿနာတွေ ကြုံတွေ့နိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် လေထုညစ်ညစ်မှုနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။
လေထုညစ်ညမ်းခြင်းဆိုတာ ဘာလဲ
လေထုညစ်ညမ်းခြင်းဆိုတာ လူနဲ့ အခြားသက်ရှိတွေကို အန္တရာယ်ပေးနိုင်တဲ့ ဓာတုပစ္စည်းနဲ့ အမှုန်အမွှားတွေ လေထဲမှာ ရှိနေတာကို ဆိုလိုပါတယ်။ လေထုညစ်ညမ်းတဲ့ နေရာတွေမှာ အမိုးနီးယားဓာတ်ငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ်၊ မီသိန်းဓာတ်ငွေ့နဲ့ အခြား အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တွေ ပျံ့နှံ့နေတာဖြစ်ပါတယ်။
ဘာတွေက လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတာလဲ
လေထုညစ်ညမ်းခြင်းကို အဓိကဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေကတော့ စွမ်းအင်ထုတ်လုပ်ခြင်းကြောင့် ဖြစ်တယ်လို့ လေထုသန့်စင်ရေးစီမံကိန်းရဲ့ ဒါရိုက်တာက ပြောပါတယ်။ မလိုအပ်ဘဲ အမှိုက်များကို မီးရှို့ခြင်းကလည်း လေထုညစ်ညမ်း ခြင်းကို ဖြစ်ပေါ်စေပါတယ်။ လေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့ နောက်ထပ် အကြောင်းအရာတခုကတော့ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ဖြစ်ပါတယ်။
လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးများ
အခု ရန်ကုန်မြို့မှာ ဖြစ်ပေါ်နေတဲ့ လေထုအခြေအနေတွေအတိုင်း ဆက်ပြီး ဖြစ်နေမယ်ဆိုရင် ပြည်သူတွေ အနေနဲ့ အသက်အရွယ်မရွေး ကျန်းမာရေးထိခိုက်မှုတွေ ရှိနေနိုင်ပါတယ်။ ဆိုးရွားတဲ့ လေထုညစ်ညမ်းခြင်းဟာ အသက်ကို သေစေနိုင်တဲ့ အထိ ဖြစ်နိုင်ပြီး ညစ်ညမ်းနေတဲ့ လေထုကို ရေရှည်ရှုရှိုက်သူတွေ အနေနဲ့ နှလုံးရောဂါ၊ အဆုတ်ကင်ဆာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများအပြင် လူများရဲ့ ဦးနှောက်၊ အာရုံကြော၊ ကျောက်ကပ်နဲ့ အခြား ခန္တာကိုယ် အစိတ်အပိုင်းတွေကို နာတာရှည်ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။
လေထုညစ်ညမ်းခြင်းကို ဘယ်လို တားဆီးနိုင်မလဲ
စက်ရုံနဲ့ အလုပ်ရုံတွေမှာ အသုံးပြုနေတဲ့ လောင်စာဆီများကို စွမ်းအင်ဖြစ်အောင် မီးရှို့မှုတွေကို လျှော့ချနိုင်မယ်ဆိုရင် လေထုညစ်ညမ်းမှုကို အတန်အသင့်နည်းသွားစေမှာပါ။ နောက်ပြီး သယ်ယူပို့ဆောင်ရေးတွေမှာလည်း လိမ်မာပါးနပ်တဲ့ နည်းလမ်းတွေကို အသုံးပြုဖို့လိုပါတယ်။ လမ်းလျှောက်လို့ရတဲ့ အကွာအဝေးလောက်ကို လမ်းလျှောက်တာ၊ စက်ဘီးစီး တာနဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးတွေကို အသုံးပြုတာဟာ လေထုညစ်ညမ်းမှုကို တနိုင်တပိုင် လျှော့ချလို့ ရတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။
သင့်ကျန်းမာရေးကို ဘယ်လို ဂရုစိုက်သင့်လဲ
လေထုညစ်ညမ်းလွန်းတာကြောင့် အရေးကြီးကိစ္စမရှိဘဲ အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ဖို့ တိုက်တွန်းချင်ပါတယ်။ ကျောင်းနဲ့ ရုံးကိစ္စတွေ အတွက် အပြင်ကို ထွက်ရတဲ့အခါ မဖြစ်မနေ Mask တပ်ဖို့ လိုအပ်ပါတယ်။ အသားအရေ အထိအခိုက်မခံနိုင်တဲ့နူးညံ့တဲ့ အသားအရေပိုင်ရှင်တွေ အနေနဲ့ နေရောင်ကာခရမ်ကို လိမ်းခြင်းနည်းလမ်းနဲ့ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရေပြားရောဂါတွေကို ကာကွယ်နိုင်ပါတယ်။
Ref။ nrdc.org, Air Quality Yangon, nationalgeographic.org