တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဒီကနေ့အချိန်မှာတော့ အရှေ့တောင်အာရှနိုင်ငံတွေတင်မက ကမ္ဘာပေါ်ကနိုင်ငံ အတော်များများကိုပါ ကူးစက်နေခဲ့ပါပြီ။ တကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်လည်း တရုတ်နိုင်ငံပြီးရင် ကိုရိုနာဗိုင်းရပ်စ် ဒုတိယအများဆုံး ကူးစက်ခံနေရတဲ့ နိုင်ငံကတော့ ထိုင်းနိုင်ငံပဲ ဖြစ်ပါတယ်။ မြန်မာနဲ့ နယ်နိမိတ်ချင်း နီးစပ်နေတဲ့ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ဒုတိယအများဆုံး ဖြစ်နေတဲ့အတွက် အထူးဂရုစိုက်သင့်ပါတယ်။
သတင်းဌာနတွေရဲ့ဖော်ပြချက်အရ ဒီကနေ့အထိ သေဆုံးသူအရေအတွက်က အနည်းဆုံး ၁၇၀ ရှိခဲ့ပြီး ကူးစက်ခံရသူပေါင်း ၇၇၀၀ ကျော်ရှိသွားပြီလို့ သိရပါတယ်။ သေဆုံးသူတွေ အားလုံးဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ တခြားနိုင်ငံတွေမှာတော့ လူသေဆုံးမှု မရှိသေးဘူးလို့ သိရပါတယ်။
မလေးရှားနိုင်ငံအနေနဲ့တော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ တရုတ်ခရီးသွားတွေကို ယာယီပိတ်ပင်ထားပါတယ်။ ကျန်နိုင်ငံတွေအနေနဲ့လည်း တရုတ်ခရီးသွားတွေကို အထူးစောင့်ကြည့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေထဲမှာဆိုရင်လည်း ဘယ်နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပြီး၊ ဘယ်နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် မကူးစက်သေးဘူးလဲဆိုတာ သိထားသင့်ပါတယ်။
(၁) ကမ္ဘောဒီးယားနိုင်ငံ
ဇန်နဝါရီ ၂၉ ရက်နေ့က ထုတ်ပြန်ချက်အရ ကမ္ဘောဒီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ၁ ယောက်တွေ့ရှိခဲ့တယ်လို့ ကမ္ဘောဒီးယားအစိုးရက ကြေညာခဲ့ပါတယ်။ ဗိုင်းရပ်စ် ကူးစက်ခံနေရသူဟာ တရုတ်နိုင်ငံသားတယောက်ဖြစ်ပြီး မိသားစုနဲ့အတူ တရုတ်နှစ်သစ်ကူးကာလမှာ ကမ္ဘောဒီးယားနိုင်ငံကို လာရောက်လည်ပတ်ခဲ့သူ ဖြစ်ပါတယ်။
(၂) အင်ဒိုနီးရှားနိုင်ငံ
ဒီကနေ့အချိန်ထိတော့ အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ မတွေ့ရသေးပါဘူး။ အင်ဒိုနီးရှားအစိုးရအနေနဲ့တော့ ဗိုင်းရပ်စ် ကူးစက်ခံနေရသူတွေ့လာခဲ့ရင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားသလို တရုတ်နိုင်ငံကို သွားရောက် လည်ပတ်ကြမယ့်သူတွေအတွက်လည်း ခရီးသွားလမ်း ညွှန်ချက်တွေ ထုတ်ပြန်ပေးထားပါတယ်။
(၃) လာအိုနိုင်ငံ
လာအိုနိုင်ငံအနေနဲ့လည်း ဗိုင်းရပ်စ် ကူးစက်ခံနေရသူ မတွေ့ရသေးပေမယ့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာမယ့် ခရီးသွားတွေကို အထူးဂရုစိုက်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
(၄) မလေးရှားနိုင်ငံ
မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ၇ ယောက် ရှိသွားပြီလို့ မလေးရှားအစိုးရက ကြေညာထားပါတယ်။ ဗိုင်းရပ်စ် ကူးစက်ခံနေရသူ အများစုဟာ တရုတ်နိုင်ငံကနေ လာရောက်လည်ပတ်တဲ့ ခရီးသွားတွေပဲ ဖြစ်ပါတယ်။
(၅) မြန်မာနိုင်ငံ
ဇန်နဝါရီ ၂၉ ရက်နေ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ မရှိသေးဘူးလို့ သိရပါတယ်။ လေဆိပ်နဲ့ နယ်စပ်ဂိတ်တွေကနေ ဝင်ရောက်လာမယ့် တရုတ်ခရီးသွားတွေကိုလည်း အထူးစောင့်ကြည့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
(၆) ဖိလစ်ပိုင်နိုင်ငံ
သံသယရှိသူ ၂၄ ယောက်ကို စောင့်ကြည့် စစ်ဆေးနေပေမယ့် ဗိုင်းရပ်စ် ကူးစက်ခံထားရသူ မရှိသေးဘူးလို့ ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။ တရုတ်နိုင်ငံကနေ လာရောက်ကြမယ့် ခရီးသွားတွေကိုလည်း အထူးစောင့်ကြည့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
(၇) စင်ကာပူနိုင်ငံ
စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ၁၀ ယောက် ရှိသွားပြီလို့ သိရပါတယ်။ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရောဂါကူးစက်ခံနေရသူ အများစုဟာ တရုတ်နှစ်သစ်ကူးပွဲတော်ကာလအတွင်း ဝူဟန်မြို့ကနေ စင်ကာပူနိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
(၈) ထိုင်းနိုင်ငံ
တရုတ်နိုင်ငံပြင်ပမှာဆိုရင် ကိုရိုနာဗိုင်းရပ် အများဆုံး ကူးစက်ခံနေရတဲ့ နိုင်ငံကတော့ ထိုင်းနိုင်ငံပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တရုတ်နိုင်ငံကနေ လာရောက် လည်ပတ်တဲ့ ခရီးသွားတွေကို ထိုင်းနိုင်ငံအနေနဲ့ အထူး စစ်ဆေးနေပါတယ်။ ဒီကနေ့အချိန်ထိတော့ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံနေရသူ ၁၄ ယောက်ရှိသွားပြီလို့ သိရပါတယ်။
(၉) ဗီယက်နမ်နိုင်ငံ
ဗီယက်နမ်နိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ၂ ယောက် တွေ့ရှိထားပြီး သံသယ လူနာ ၂၄ ယောက်ကို စောင်ကြည့်နေတယ်လို့ သိရပါတယ်။
(၁၀) ဘရူနိုင်းနိုင်ငံ
ဒီကနေ့အချိန်ထိတော့ ဘရူနိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ မတွေ့သေးဘူးလို့ သိရပါတယ်။
(၁၁) အရှေ့တီမောနိုင်ငံ
အရှေ့တီမောနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ မရှိသေးလို့ သိရပါတယ်။
Ref: aseanbrefing
You may also like these stories:
အီဘိုလာ၊ ဆားစ်ရောဂါတွေထက် ပြင်းထန်ပြီး ကူးစက်မြန်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုဒုတိယအများဆုံးနိုင်ငံ ဖြစ်လာတဲ့ ထိုင်းနိုင်ငံ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် Donnie Yen ရဲ့ ရုပ်ရှင်ရိုက်ကွင်း ရပ်နားခဲ့ရ