ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ လူတဦး သေဆုံးခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ပထမဆုံးအကြိမ် လူသေဆုံတာပါ။ ဒီကနေ့အချိန်ထိတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၃၆၂ ဦး သေဆုံးခဲ့ရပြီး၊ ၁၆၈၂၃ ဦး ရောဂါကူးစက်ခံနေရပါတယ်။
CNN သတင်းဌာနရဲ့ဖော်ပြချက်အရ နိုင်ငံပေါင်း ၂၅ ကျော်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနေတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း အမေရိကန်၊ ကနေဒါ၊ ရုရှား၊ ဂျပန်၊ ပါကစ္စတန်၊ အီတလီ စတဲ့ နိုင်ငံတွေအနေနဲ့ တရုတ်နိုင်ငံကနေ လာရောက် လည်ပတ်မယ့် ခရီးသွားတွေကို ခရီးသွားခွင့် ယာယီ ပိတ်ပင်တာမျိုးတွေ ပြုလုပ်လာကြပါတယ်။
တရုတ်နိုင်ငံပြင်မှာ ပထမဆုံးအကြိမ် လူသေဆုံးတဲ့အထိ ဖြစ်လာပြီးတဲ့နောက် ကိုရိုနာဗိုင်းရပ်စ်ဟာ ကြောက်စရာကောင်းတဲ့ ရောဂါ ဖြစ်လာခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ သေဆုံးခဲ့သူဟာ ဝူဟန်ကနေ ဖိလစ်ပိုင်နိုင်ငံကို လာရောက်ခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် တရုတ်အမျိုးသားတယောက် ဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Rabindra Abeyasinghe ကလည်း တရုတ်နိုင်ငံပြင်ပမှာတောင် လူသေဆုံးမှု ဖြစ်လာတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ကို လူတွေအနေနဲ့ ပေါ့ပေါ့ဆဆ သဘောမထားသင့်ကြောင်း ပြောခဲ့ပါတယ်။
ဝူဟန်ကနေ လာရောက်တဲ့ တရုတ်ခရီးသွားဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာဆေးရုံမှာ သေဆုံးခဲ့တာ ဖြစ်ပြီး အသက် ၃၈ နှစ်အရွယ် အမျိုးသမီးနဲ့အတူ ဖိလစ်ပိုင်နိုင်ငံကို လာရောက်ခဲ့ပါတယ်။
အဲဒီအမျိုးသမီးကို စမ်းသပ်ကြည့်ရာမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သိရပါတယ်။ အဲဒီ အမျိုးသမီးကိုလည်း ဆေးရုံမှာ စနစ်တကျ ဆေးဝါးကုသပေးတာမျိုး လုပ်ဆောင်ခဲ့တဲ့အတွက် အခြေအနေ ကောင်းမွန်လာတယ်လို့ သိရပါတယ်။
ဖိလစ်ပိုင်အစိုးရအနေနဲ့တော့ ဖိလစ်ပိုင်နိုင်ငံသားတွေအနေနဲ့ တရုတ်၊ ဟောင်ကောင်၊ မကာအို ဒေသတွေကို ခရီးသွားတာမျိုးမပြုလုပ်ကြဖို့ သတိပေးထားပါတယ်။
Ref: BBC , CNN , Bangkokpost
You may also like these stories:
လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် လူ ၂၀၀ ကျော် သေဆုံး
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ အရှေ့တောင်အာရှ နိုင်ငံများ