သြစတြေးလျ တောမီးလောင်ကျွမ်းမှုဟာ သဘာဝပတ်ဝန်းကျင်အတွက်ရော တောရိုင်းတိရစ္ဆာန်တွေကိုပါ ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ တောမီးကြောင့် ဒေသခံတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေ ခိုကိုးရာမဲ့ခဲ့ကြရပြီး ဒီလို ပျက်စီးဆုံံးရှုံးမှုတွေအတွက်ကြောင့်လည်း နိုင်ငံတကာက ပရဟိတ အဖွဲ့အစည်းတွေနဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်ကျော်ကြားနေသူတွေကပါ နည်းအမျိုးမျိုးနဲ့ ထောက်ပံ့လှူဒါန်းမှုတွေ ပြုလုပ်နေကြပါတယ်။
ဒီလို လှူဒါန်းမှုတွေထဲကမှ ကမ္ဘာကျော် အလှကုန်လုပ်ငန်း တခုဖြစ်တဲ့ Lush ကုမ္ပဏီက သြစတြေးလျ တောမီးမှာ ပျက်စီးဆုံးရှုံးမှုတွေအတွက် လှူဒါန်းနိုင်ဖို့ ထုတ်ကုန်ပစ္စည်းအသစ်တမျိုးကို Limited Edition အနေနဲ့ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ဒါကတော့ တောမီးမှာ ခိုကိုးရာမဲ့ဖြစ်ပြီး ထိခိုက်ပျက်စီးသေကြေမှုတွေ များခဲ့တဲ့ ကိုအာလာလေးတွေကို ကူညီနိုင်ဖို့အတွက် ကိုအာလာပုံ ဆပ်ပြာခဲလေးတွေ ထုတ်လုပ် ရောင်းချခဲ့တာပါ။
ဒီ ကိုအာလာပုံ ဆပ်ပြာခဲလေးတွေကို “All The Wild Things” လို့နာမည်ပေးထားပြီး ဒီဆပ်ပြာခဲလေးတွေ ရောင်းချတာကနေ ရရှိတဲ့ အမြတ်ငွေတွေအားလုံးကို တောမီးဒဏ် ခံစားရတဲ့ တောရိုင်းတိရစ္ဆာန်တွေနဲ့ ပြန်လည် ထူထောင်ရေး အဖွဲ့အစည်းတွေကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
Handmade Skincare တွေနဲ့ Bar Soap တွေ ထုတ်လုပ်ရာမှာ နာမည်ကြီးတဲ့ အလှကုန် ကုမ္ပဏီတခုဖြစ်ပြီး စတင်ထုတ်လုပ် ဖြန့်ဖြူးပြီးပြီးချင်းမှာပဲ တကမ္ဘာလုံးအတိုင်းအတာနဲ့ ဝယ်လိုအားများပြားခဲ့ပါတယ်။
အရေအတွက်အားဖြင့်ဆိုရင် သြစတြေးလျမှာရှိတဲ့ ကိုအာလာ အရေအတွက်ပေါင်း ၅ သောင်းကျော် အရေအတွက်နဲ့ ဆပ်ပြာခဲပေါင်း ၅ သောင်းကျော်ကိုသာ ထုတ်လုပ် ရောင်းချမှာဖြစ်ပြီး ဒီ ကိုအာလာပုံ ဆပ်ပြာခဲတွေ တခုကို ၆ ဒဿမ ၉၅ ဒေါ်လာနဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။
Lush အနေနဲ့ အရင်ကလည်း ကိုအာလာပုံ ဆပ်ပြာခဲတွေ ထုတ်လုပ် ရောင်းချခဲ့ဖူးပေမယ့် ထုတ်ကုန်နာမည်ကတော့ ကွာခြားသွားပါတယ်။ ဒီဆပ်ပြာခဲတွေကို ကိုအာလာတွေရဲ့ အဓိက စားသုံးလေ့ရှိတဲ့ အစားအစာ ဖြစ်တဲ့ ယူကလစ်ပင်အရွက်ကို ထည့်သွင်းထားတာဖြစ်ပြီး ယူကလစ်ဆီ၊ စပါးလင်နဲ့ Peppermint တို့ကို ပေါင်းစပ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
Ref. www.insider.com
You may aslo like these stories:
တောမီးဒဏ်သင့် တိရစ္ဆာန်တွေအတွက် Koala ရွှံ့ရုပ်လုပ်ပြီး အလှူငွေရှာပေးနေတဲ့ ကလေးငယ်
သြစတြေးလျ တောမီးကနေ ကိုအာလာတွေကို ကားနဲ့ ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ ဆယ်ကျော်သက် တချို့
ကိုအာလာ ဝက်ဝံတွေကို မွေးစားပြီး သြစတြေးလျတောမီး ရန်ပုံငွေ လှူဒါန်းနိုင်