လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ နေအိမ်တွင်းမှာပဲဖြစ်ဖြစ် အိမ်တွင်းစိုက် အပင်ငယ်လေးတွေ စိုက်ပျိုးထားရှိပေးခြင်းဟာ စိတ်ဖိစီးမှု အပါအဝင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို လျော့ကျစေနိုင်တယ်လို့ ဂျပန်လူမျိုး ဆေးပညာရှင်နဲ့ စိတ်ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ပြေလျော့စေနိုင်တဲ့ နည်းလမ်းတွေကို စမ်းသပ်လေ့လာ သုတေသနပြုလုပ်ခဲ့ကြရမှာ နောက်ထပ် တွေ့ရှိမှုအသစ်တခုအဖြစ် တွေ့ရှိခဲ့ကြတာဖြစ်ပြီး အိမ်တွင်းမှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်တွင်းက အလုပ်စားပွဲပေါ်မှာဖြစ်ဖြစ် အပင်ငယ်လေးတွေ ထားရှိပေးတာဟာ စိတ်ဖိစီးမှုကို ၃၀ ရာခိုင်နှုန်းလောက်အထိ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။
ဒီလေ့လာမှုအတွက် လုပ်ငန်းခွင်တွင်း လုပ်ကိုင်နေတဲ့ ဝန်ထမ်းပေါင်း ၆၀ ကျော်ကို ၄ ပတ်အကြာ စောင့်ကြည့် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အလုပ်စားပွဲပေါ်မှာ အပင်ငယ်လေးတွေ ထားရှိသူတွေဟာ တခြားသူတွေထက် အလုပ်တွင်းက ဖိစီးမှုတွေနဲ့ ဖိအားတွေကို ပိုပြီးလျှော့ချနိုင်တာကို တွေ့ရှိခဲ့ကြတာပါ။
တနေ့တာရဲ့ လုပ်ငန်းခွင်တွင်း အချိန်တွေထဲက ၃ မိနစ်၊ ၄ မိနစ်လောက်ကိုပဲ အပင်ငယ်လေးတွေအတွက် အချိန်ပေးစိုက်ကြည့်၊ ဂရုစိုက်ပေးရုံနဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ရှုပ်ထွေးမှုကို လျော့ကျစေနိုင်တာ ဖြစ်ပါတယ်။
ဒီလိုမျိုး အိမ်တွင်းစိုက်အပင်ငယ်လေးတွေဟာ စိတ်ဖိစီးမှုကို ဘာကြောင့်လျှော့ချပေးနိုင်တာလဲဆိုတဲ့ အဓိက အကြောင်းရင်းကတော့ အပင်ငယ်လေးတွေနဲ့လူတွေရဲ့ ကြားကဆက်သွယ်မှုကြောင့် ဖြစ်ပြီး စိတ်ဖိစီးမှုတွေ များပြားနေချိန်မှာ အပင်တွေကို ခဏလောက်စိုက်ကြည့်ပြီး ဂရုတစိုက် ပြုလုပ်လိုက်ခြင်းဟာ စိတ်အပြောင်းအလဲကို တခြားသောအရာတွေအပေါ် အာရုံစိုက်လိုက်တာထက် ပိုမိုကောင်းမွန်စေတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ဒီလိုမျိုး အိမ်တွင်းမှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်တွင်းမှာဖြစ်ဖြစ် အပင်ငယ်လေးတွေ ထားရှိပေးခြင်းဟာ သဘာဝပတ်ဝန်းကျင်အတွက်ရော၊ ပတ်ဝန်းကျင် လေထုအတွက်ပါ ကောင်းကျိုးတွေ ဖြစ်ပေါ်စေသလို စိတ်ဖိစီးမှုနဲ့ အာရုံစူးစိုက်မှု အပိုင်းမှာဆိုရင်လည်း ပိုမိုကောင်းမွန်စေနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
Ref. www.cnbc.com